Home
မြန်မာသတင်း
ဓမ္မစက်ကိုကျော်လွန်ပြီး အာဏာစက်ဖြင့် အရေးယူခြင်း လက်မခံဟု ဦးဝီရသူ မိန့်ကြား
DVB
·
June 1, 2019
wyt9
သံဃနာယက ဆရာတော်တွေရဲ့ ဓမ္မစက်နဲ့ အရေးယူတာကို လက်ခံမှာဖြစ်ပြီး အာဏာစက်နဲ့ အရေးယူတာ လက်ခံမှာမဟုတ်ဘူးလို့ ဦးဝီရသူက မိန့်ကြားလိုက်ပါတယ်။ ဒါ့အပြင် ဆရာတော်ကြီးတွေရဲ့ သြဝါဒခံပြီးမှ တရားရင်ဆိုင်ဖို့ အာဏာပိုင်တွေ ခေါ်ရာနောက်ကို လိုက်မယ်လို့ ဦးဝီရသူက အင်တာနက်မှာ ထုတ်လွှင့်ပြောဆိုလိုက်တာပါ။ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့် ဝရမ်းထုတ်ခံထားရတဲ့ ဦးဝီရသူဟာ လက်ရှိ သူဘယ်မှာရှိတယ်ဆိုတာကို ထုတ်ဖော်မပြောဘဲ သံဃနာယက ဆရာတော်တွေရဲ့ သြဝါဒ ခံယူဖို့အတွက် ပြောဆိုလာတာပါ။ နိုင်ငံတော်အကြီးအကဲတွေကို ပုတ်ခတ်ပြောဆိုပြီးတဲ့နောက် မေ ၃၀ ရက်မှာ ရန်ကုန်တိုင်း သံဃနာယက အဖွဲ့ဆီမှာ သြဝါဒခံယူဖို့အတွက် ဦးဝီရသူကို အကြောင်းကြားခဲ့ပြီးမှ အခြေအနေအရ ဆိုင်းငံ့လိုက်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနက မေ ၂၉ မှာ ထုတ်ပြန်ခဲ့ပါတယ်။ ရွှေ့ဆိုင်းတာကို နားလည်ပေးနိုင်သလို ထပ်ပြီးကျင်းပမယ့်ရက်ကို အချိန်မီ အကြောင်းကြား ပေးမယ်ဆိုတာကို ဝမ်းမြောက်ကျေးဇူးတင်မဆုံးဖြစ်တယ်လို့ ဦးဝီရသူက ဆိုပါတယ်။ မနေ့ညပိုင်းက ဗီကေ လူမှုကွန်ရက်စာမျက်နှာမှာ သူ့ရဲ့ အသံဖိုင်ကို လွှင့်တင်လိုက်တာ ဖြစ်ပါတယ်။ ဆရာတော်ကြီးတွေက သြဝါဒပေးမယ်ဆိုလို့ ၃၀ ရက်နေ့ မတိုင်ခင်မှာပဲ ရန်ကုန်ကို အရောက်ဆင်းလာခဲ့ပြီး ရွှေ့ဆိုင်းလိုက်တယ်ဆိုတဲ့စာကိုတော့ သူ့လက်ထဲကို ရောက်မလာခဲ့ဘူးလို့ ဆိုပါတယ်။ “အခြားတဖက်တွင်လည်း ဘုရားတပည့်တော်အား ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက မေလ ၂၈ ရက်၌ ပုဒ်မ ၁၂၄ (က) ဖြင့် ဝရမ်းထုတ်ထားပါသည်ဘုရား။ ဆရာတော်ကြီးများ ထပ်မံ အကြောင်း၍လာသည့်အခါ၌လည်း ဆရာတော်ကြီးများ၏ ဓမ္မစက်ဖြင့် အရေးယူခြင်းကိုသာ လက်ခံပါမည်ဘုရား။ ဆရာတော်ကြီးများ၏ ဓမ္မစက်ကို ကျော်လွန်သည့် အာဏာစက်ဖြင့် မည်သည့် အရေးယူမှုကိုမျှ ဆရာတော်ကြီးများရှေ့မှောက်မှာ လက်ခံလိမ့်မည်မဟုတ်ပါဘုရား” လို့ ပြောပါတယ်။ အာဏာပိုင်တွေ ယုံကြည်စိတ်ချရအောင် မြို့နယ်နဲ့ခရိုင် ရဲအရာရှိ ၂ ယောက်ကို သူ့ရဲ့ ကားပေါ်မှာ တင်ခေါ်သွားမှာဖြစ်ပြီး လူသူရှင်းတဲ့နေရာရောက်ရင်တော့ ရဲအရာရှိတွေရဲ့ အစီအစဉ်နဲ့ လိုက်သွားမယ်လို့လည်း ဆိုပါတယ်။ ဒီပြောဆိုချက်တွေကို စာနဲ့ရေးပြီး ရန်ကုန်တိုင်း သံဃနာယက ဥက္ကဋ္ဌဆီကိုပေးပို့ထားသလို နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌ၊ ရန်ကုန်နဲ့မန္တလေး တိုင်းသာသနာရေးဦးစီးမှူးတွေဆီ မိတ္တူပို့ထားတယ်လို့လည်း ဖော်ပြပါတယ်။ ဒီစာနဲ့ ပြောဆိုချက်တွေအရ တိုင်း သံဃနာယကဆရာတော်တွေဆီမှာ သြဝါဒခံပြီးမှပဲ အဖမ်းခံ တရားရင်ဆိုင်မယ်လို့ ဆိုလိုတာပါ။ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကတော့ သြဝါဒခံယူဖို့ ဦးဝီရသူ လာနေတုန်း၊ ပြန်တုန်းမှာ မလိုလားအပ်တာတွေ မဖြစ်ဖို့အတွက် ဒီကိစ္စကို ဆိုင်းငံ့တာလို့ မေ ၃၁ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013