ဝေသာလီကျေးရွာအနီး တိုက်ပွဲအပြီး လူ ၂ ဦး ဖမ်းဆီးခံရ
DVB
·
May 23, 2019
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဝေသာလီရွာအနီး ရန်ကုန်-စစ်တွေ လမ်းမကြီးမှာ မေလ ၂၂ ရက် မနက်ပိုင်းက တပ်မတော်နဲ့ အေအေတပ်ဖွဲ့တို့ နာရီဝက်လောက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အေအေတပ်သား ၂ ဦးကို ဖမ်းထားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
"မနေ့က ၁၁ နာရီ ကျော်လောက်မှာ တိုက်ပွဲဖြစ်တာမှန်ပါတယ်။ အေအေဘက်က လက်နက်မဲ့ တပ်သား ၂ ဦး ဖမ်းမိပါတယ်။ အခုရဲလက်ထဲ အပ်နှံထားပါတယ်။ အမှုတော့ မဖွင့်သေးပါဘူး။ စစ်ဆေးနေတုန်းပါလို့" ပြောပါတယ်။
ဖမ်းဆီးခံရသူ ၂ ဦးဟာ အသက် ၂၈ နှစ်အရွယ် ကိုအောင်ကျော်နိုင်နဲ့ အသက် ၃၅ နှစ်အရွယ် ကိုစိုးစိုးအောင်တို့ဖြစ်ကြပါတယ်။
သူတို့ နှစ်ဦးလုံးဟာ ဝေသာလီကျေးရွာသားတွေဖြစ်တယ်လို့ ဝေသာလီကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းကပြောပါတယ်။
“ဒီကလေး ၂ ယောက်က သာမန်အရပ်သားတွေပါ။ နေမကောင်းတဲ့ သူတယောက်လည်း ပါတယ်။ နောက်တဦးက ခြေထောက်မသန်ဘူး။ စစ်တွေမှာ ဆေးကုသလို့ ရောက်တာလည်း မကြာသေးဘူးလို့ သိရတယ်။ ဆေးလက်မှတ်တွေ သောက်နေရတဲ့ ဆေးတွေကို မိသားစုတွေက ကျနော့်ဆီလာပေးတယ်။ သူတို့က အမြဲဆေးသောက်နေရတာလို့ ပြောတယ်။ စိစစ်ရင်တော့အမှန် ပေါ်လာပါလိမ့်မယ်။ သူတို့က ရာသီဥတုပူတာကြောင့် ဘုရားကြီးရင်ပြင်မှာ လေညင်းခံနေကြတာပါ။ ပစ်ခတ်မှုတွေဖြစ်ပြီးနောက်မှာ သူတို့နေအိမ်ကိုပြန်လာတဲ့အချိန် ရွာကို ၀ိုင်းထားတဲ့ တပ်နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာ” လို့ ပြောပါတယ်။
ဝေသာလီကျေးရွာမှာ လူနေ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး လူဦးရေ ၁၈၀၀ ကျော် နေထိုင်ကြတယ်လို့ သိရပါတယ်။