Home
မြန်မာသတင်း
မင်းပြားတိုက်ပွဲတွင် တပ်မတော်က ရဟတ်ယာဉ်နှစ်စီး အသုံးပြုတိုက်ခိုက်
DVB
·
June 22, 2019
mp
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်း ဇွန်လ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ရက္ခိုင့်တပ်တော် (အေအေ) ကို မြန်မာ့တပ်မတော်ဘက်က ရဟတ်ယာဉ်အသုံးပြု တိုက်ခိုက်တာတွေရှိတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။ မင်းပြားမြို့နယ် ရွှေကျင်ကျေးရွာနဲ့ သာစည်ကျေးရွာတို့အထက်ပိုင်းက တောင်တန်းပေါ်မှာ တိုက်ပွဲဖြစ်ကြတာဖြစ်ပြီး ဇွန်လ ၂၁ ရက်နေ့ မနက်ပိုင်း ၉ နာရီလောက်ကနေ ဒီကနေ့ အရုဏ်တက်ချိန်လောက်ထိ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ရွှေကျင်ကျေးရွာနေထွက်ပြေးတိမ်းရှောင်လာသူတဦးက “တိုက်ပွဲတွေကတော့ အခြေအနေက နေ့တိုင်းဆိုသလို ဖြစ်နေတယ်။ ၁၆ ရက်နေ့လောက်ကနေစဖြစ်တာ။ ဇွန် ၂၁ ရက်နေ့ မနက် ၉ နာရီ လောက်ကနေ ရွာအရှေ့ဘက်တောင်တန်းမှာ ဖြစ်ပြီးတော့ လေယာဉ်နဲ့ တောင် လာလို့ပစ်တယ်။ မြောက်ဦးဘက်က ပတ်ပြီးလာတယ်။ စစ်တပ်ကလေယာဉ်ပါ၊ လေယာဉ်နှစ်စီးနဲ့ပါ” လို့ ပြောပါတယ်။ တပ်မတော်ဘက်ကတော့ ရဟတ်ယာဉ်သုံးခဲ့တာ မှန်ကန်ကြောင်းနဲ့ အင်အားများတဲ့ ရက္ခိုင့်တပ်မတော်ရဲ့ ယာယီတပ်စခန်းတခုတွေ့ရတာကြောင့် အဲဒီလိုပစ်ခတ်ရတာဖြစ်ကြောင်း ပြောဆိုပြီး အင်အားအရေအတွက်ကို ထုတ်ဖော်ပြောကြားတာတော့ မရှိပါဘူး။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “လေယာဉ်တော့ မသုံးပါဘူး။ ရဟတ်ယဉ်သုံးပါတယ်။ ကျနော်တို့ သိရသလောက်က တိုက်ပွဲက အင်အား နည်းနည်းများတယ်ဆိုတာပဲသိရခင်ဗျ။ အသေးစိတ်ကို မသိရသေးပါဘူး။ ယာယီစခန်းတခု ဗျဟုတ်ကဲ့။ ယာယီစခန်းတခုတွေ့လို့ ဆောင်ရွက်ရခြင်းဖြစ်တယ်” လို့  ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ရက္ခိုင့်တပ်တော် အေအေပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ အဲဒီမှာ အေအေက ယာယီတပ်စခန်းတခုရှိတယ်ဆိုတာ မဟုတ်ဘဲ လှုပ်ရှားစစ်ကြောင်းသာ ရှိတယ်လို့ ဆိုပါတယ်။ “ဗမာစစ်တပ်ဘက်ကနေပြီးတော့ ရဟတ်ယာဉ်နှစ်စီးနဲ့လာပြီး အဲဒီဒေသတစ်ဝိုက်ကို ယမ်းသမ်းပြီးတော့ ဗုံးကြဲတိုက်ခိုက်တာတို့၊ ရောကတ်နဲ့ ပစ်တာ၊ စစ်သေနတ်နဲ့ပစ်တာ အဲဒါတွေလာလုပ်တယ်။ သူတို့ပြောသလိုမျိုး စခန်းတွေဘာတွေ သိမ်းဆည်းရမိတယ်။ ဘာညာဆိုတာကတော့ လုံးဝမဟုတ်ဘူးဗျ။ အဲဒီမှာ ကျနော်တို့ စခန်းလည်း မရှိဘူး။ ဆိုတော့ သိတဲ့အတိုင်းပဲ စစ်သားနေလို့ရှိရင်တော့ ရောက်ခဲ့တဲ့ နေရာမှာ ပစ်ကျင်းတွေရှိတာပေါ့ဗျာနော်။ ဒါကစစ်သားအလုပ်ပဲ။ အဲဒီပစ်ကျင်းတွေကို မြင်လို့များ သူတို့က စခန်းလို့ထင်သလားဆိုတာတော့ ရှိတာပေါ့။” အဲ့ဒီလက်နက်ကိုင်နှစ်ဖွဲ့ကြား တိုက်ပွဲတွေကြောင့် မင်းပြားမြို့နယ် ရွှေကျင်နဲ့ သာစည်ကျေးရွာနှစ်ရွာက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ အနီးအနားက မင်းဖူး၊ ပန်းမြောင်း၊ ကျောင်းတောင်၊ မြိုချောင်းစတဲ့ ကျေးရွာတွေကို ထွက်ခွာသွားကြပြီး စားဝတ်နေရေးနဲ့ ပညာရေး အခက်ခဲတွေ ကြုံနေကြရတယ်လို့ မင်းဖူးကျေးရွာကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင် ဦးမောင်ကျန်သိန်းက ပြောပါတယ်။ “ကျနော်တို့ ရွာသားတွေဟာ နောက်လည်းတိုက်ပွဲတွေက တင်းမာမှု အခြေအနေရှိနေမယ်ဆိုရင် ကျနော်တို့ရွာတွေဟာ တကယ့်ကို စားဝတ်နေရေး၊ ပညာရေးအခက်ခဲရှိပါတယ်။ ရေရှည်အတွက်တောင်မှ စဉ်းစားတွေးကြည့်လို့တောင်မှ အိပ်လို့မရ အခြေအနေ ဖြစ်နေတယ်။ ကျနော်တို့ စားဝတ်နေရေးတွေကို ဘယ်လိုဖြေရှင်းရမလဲတာကို။ နဂိုကလည်း ၁ လနီးပါးကနေ တိုက်ပွဲဖြစ်နေတယ်ဆိုတော့ မထွက်ရ၊ မလုပ်ရ၊ မကိုင်ရသူတွေမှာလည်း စားဝတ်နေရေးအခြေနေ မဖွံ့ဖြိုးဆိုတာကို ကျနော်ပြောချင်ပါတယ်။” ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ မြန်မာ့တပ်မတော်တို့ စစ်ရေးတင်မာလာတာ ၆ လာကျော် ကြာမြင့်လာပြီဖြစ်ပြီး ပြည်နယ်ရဲ့ မြို့နယ် ၆ ခုလောက်မှာ စစ်ဘေးရှောင် ၅ သောင်းလောက်က နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြရပါ တယ်။ သတင်းနှင့်ဓာတ်ပုံ ဝဏ္ဏခွာညို  

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013