Home
မြန်မာသတင်း
ကျောက်တော်တွင် ပစ်ခတ်မှုဖြစ် မိန်းကလေးငယ် ၁ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ
DVB
·
May 20, 2019
gun
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မျောက်တောင်ကျေးရွာနဲ့ မာလာကျေးရွာကြားမှာ မေလ ၁၉ ရက် ညနေက ပစ်ခတ်မှုဖြစ်ပွားလို့ ဒေသခံ မိန်းကလေးငယ် ၁ ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံးပြီး  ကလေးငယ် ၃ ဦးနဲ့ လူကြီး ၂ ဦးတို့ ဒဏ်ရာသွားပါတယ်။ မနေ့ညနေ ၆ နာရီလောက်မှာ စတင်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး တပ်မတော်ယာဉ်တန်းက ကျေးရွာအနီးကို ရောက်ရှိလာချိန်မှာ ပေါက်ကွဲ သံတခု ထွက်ပေါ်ပြီးနောက် ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ “ကားကတော့ ခဘောင်ရွာဘက်ကဖြတ်သန်းလာပြီးတော့ မာလာရွာကို ချိုးပြီးတောင်နားကို ရောက်တာနဲ့ စပြီးတော့ အသံထွက်ပါတယ်၊ သေနတ်ပစ်သံ။ အဲဒီမှာ စစ်သားတချို့က ရွာဘက်ကိုကပ်ပြီး ရွာကြားထဲက ဝင်ပြီးပစ်တော့ အိမ်နားမှာ လက်နက်ကြီးကျပြီးတော့ ဒဏ်ရာရတာတွေ ဖြစ်တာပေါ့”လို့ အမည်မဖော်လိုတဲ့ မာလာကျေးရွာသား တဦးက ပြောပါတယ်။ မျက်တောင်ကျေးရွာက ကလေးငယ် မောင်နှမနှစ်ဦးဟာ ရွာအနီးတောင်ပေါ်က ဘုရားမှာရှိတဲ့ ဘုန်းတော်ကြီးထံ သွားရောက်ပြီး ပြန်လာရာလမ်းမှာ ပစ်ခတ်မှုတွေဖြစ်ခဲ့လို့ ညီမဖြစ်တဲ့ အသက် ၁၀ နှစ်အရွယ် ၄ တန်းကျောင်းသူမှာ  လက်နက်ကြီး ထိမှန်သေဆုံးသွားပြီး အကိုဖြစ်တဲ့ အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးကတော့ ထွက်ပြေးလို့ အသက်ဘေးက လွတ်မြောက်လာတာလို့ ဆိုပါတယ်။ မာလာတောင်ရွာထဲကိုလည်း  လက်နက်ကြီးတွေကျရောက်ပေါက်ကွဲတာကြောင့် နေအိမ် တအိမ်မှာရှိနေတဲ့ ၃ နှစ်အရွယ်ကလေးငယ် ဒဏ်ရာအပြင်းအထန်ရခဲ့သလို သူရဲ့မိခင်၊ အစ်ကိုနှစ်ယောက်နဲ့ ရွာထဲက အသက် ၇၅ နှစ်အရွယ် အမျိုးသားတဦးလည်း အနည်းငယ်စီ ထိခိုက်ဒဏ်ရာရှိခဲ့ကြတယ်လို့  နာရေးကူညီမှုနေသူ တွေက ပြောပါတယ်။ အဆိုပါ ပစ်ခတ်မှုနဲ့ ပတ်သတ်ပြီးတော့ မြန်မာ့တပ်မတော်ဘက်ကို  မေးမြန်းရာမှာတော့ အဲဒီကျေးရွာနှစ်ရွာကြားမှာ တပ်မတော်နဲ့ အေအေတိုက်ပွဲဖြစ်ပွားခဲ့တဲ့အကြောင်းနဲ့ ဒေသခံတွေ ထိခိုက်သေဆုံးမှု ရှိမရှိကို မသိဘူးလို့ ပြောပါတယ်။ ဒါ့အပြင် ဒဏ်ရာရတာရှိခဲ့ရင်လည်း နှစ်ဖက်ပစ်ခတ်မှုဖြစ်တဲ့အတွက် ဘယ်သူ့ လက်ချက်ကြောင့် ဖြစ်တယ်ဆိုတာကို ပြောဖို့ခက်တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။ “ရွာထဲကနေပြီး ပစ်တဲ့ကိစ္စက သူပစ်ကိုယ်ပစ်တဲ့အခါမှာ တပ်ကကျည်လား။ သောင်းကျန်းအေအေရဲ့ ကျည်လား။ ဘယ်သူမှ မဝေခွဲနိုင်ဘူးလေ။ ရွာထဲမှာ မဖြစ်စေချင်ရင် ရွာထဲကို အေအေလာတာ လက်မခံနဲ့လေ။ ရွာထဲကနေ အပစ်မခံနဲ့။ ရွာထဲက ပစ်လို့ရှိရင်တော့ ဒီလိုမျိုး သူပစ်ကိုယ်ပစ် ပစ်တဲ့အခါမှာ ဘယ်ကျည်ကြောင့်မှန် သလဲဆိုတာ ကျနော်တို့က ဂဃနဏ မပြောနိုင်ဘူး။ ဝေခွဲရခက်တယ်” လို့ ပြောပါတယ်။ ရက္ခိုင့်တပ်မတော် (အေအေ) ဘက်ကတော့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ခြင်းမရှိဘူးလို့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောပါတယ်။ “အဲဒီမှာ ကျနော်တို့ တိုက်ပွဲဖြစ်တာ မဟုတ်ဘူးဗျ။ တိုက်ပွဲဖြစ်တဲ့ နေရာမဟုတ်ဘဲနဲ့ ဗမာစစ်တပ်က ရွာကိုလာပြီးတော့ တမင်သက်သက် ပစ်တာ။ ရွာမှာ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တာ မရှိဘူး။ တိုက်ပွဲဖြစ်တဲ့ဥစ္စာက တခြားနေရာတွေမှာ အရင်နေ့တွေကဖြစ်တာ။” သေဆုံးသွားတဲ့ မိန်းကလေးငယ်ကို ကျောက်တော်မြို့ သုသာန်ကို ယူဆောင်ပြီး ဒီကနေ့ နေ့လယ်ပိုင်းမှာပဲ သင်္ဂြိုဟ်ခဲ့တယ်။ ဒဏ်ရာရသူတွေကိုလည်း စစ်တွေနဲ့ ကျောက်တော်က မြို့နယ် ဆေးရုံတွေကို ပို့ဆောင်ပြီး ဆေးကုသမှုခံနေကြရတယ်လို့ ကျောက်တော်မြို့ အရေးပေါ်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးမောင်မဲစိန်က ပြောပါတယ်။ သတင်း-ဝဏ္ဏခွာညို၊ ဓာတ်ပုံ - ကျော်လှမြင့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013