Home
မြန်မာသတင်း
ကျောက်တန်းရွာ၌ ပစ်ခတ်ခံရပြီး သေဆုံးသွားသူ ၆ ဦးကို သင်္ဂြိုဟ်ခွင့် မိသားစုတောင်းခံ
DVB
·
May 3, 2019
59502217_159046008451134_6710946091455479808_n
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာမှာ တပ်မတော်က ထိမ်းသိမ်းထားစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားသူ  ၆ ဦးကို ဒီနေ့မနက်ထိ ကြည့်ခွင့်မရသေးသလို သင်္ဂြိုဟ်ခွင့်မရသေးဘူးလို့ မိသားစုဝင်တွေကပြောတယ်။ သေဆုံးသူ ဦးသံခဲအောင်ရဲ့ဇနီး မသိန်းနုက "ကျမတို့ ဘယ်လို လုပ်ရပါမလဲ။ သေဆုံးသူ ၆ ဦးရဲ့ အလောင်းတွေကိုအိမ်သာအနီးမှာ တာလပတ်အုပ်ပြီး ပုံထားပါတယ်။ တဦးတယောက်မှ သွားကြည့်ခွင့်မရပါဘူး။ ကျမတို့က သေဆုံးသွားသူတွေကို ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ သင်္ဂြိုဟ်ခွင့်ရချင်တယ်” လို့ ပြောပါတယ်။ ရသေ့တောင်မြို့နယ်က သံဃာတော်တွေကလည်း အလောင်းပြန်လည်ရရှိရေး မြို့နယ်အုပ်ချုပ်ရေးမှူးထံ တောင်းထားတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ကို ဆက်သွယ်မေးမြန်းရာ အထက်တင်ပြထားပြီး အခုအစည်းအဝေး ပြုလုပ်နေတယ်လို့ ပြောပါတယ်။ ကျောက်တန်းရွာမှာ တပ်မတော်က မသင်္ကာလို့ ဖမ်းဆီးထားတဲ့ အမျိုးသား ၂၇၅ ဦး ထဲမှာ ကျောင်းဆရာ ၂ ဦးပါဝင်နေပြီး သူတို့ ပြန်လွတ်မြောက်ရေးအတွက် ပြည်နယ်ပညာရေးမှူးထံ တင်ပြထားတယ်လို့ ရသေ့တောင်ပညာရေးမှူး ဦးကျော်မြက ပြောပါတယ်။ ရ​သေ့​တောင်​မြို့နယ်​​၊ ကျောက်​တန်း​ရွာမှာ ရွာသား ၂၇၅ ဦးကို တပ်​မ​တော်​က ဖမ်းဆီးစစ်ဆေးနေစဉ် မေ ၂ ရက်မနက် အစောပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် လူ ၆ ဦး ​သေဆုံးကာ ၈ ဦး ဒဏ်​ရာရရှိခဲ့တာပါ။ သေဆုံးသွားသူတွေကတော့ ဦးသံခဲအောင်၊ ဦးဇော်လတ်၊ မောင်သန်းဦး၊ ဦးခမွီးချေ၊ ဦးထွန်းရွှေဝင်း နဲ့ ဦးမောင်ဝင်းတို့ ဖြစ်​​ကြပါတယ်။ ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး တပ်​မ​တော်​ သတင်းမှန်​ပြန်​ကြား​ရေးအဖွဲ့ အတွင်း​ရေးမှူး ဗိုလ်မှူး​ချုပ်​​ ဇော်​မင်းထွန်းကတော့ “ဖမ်းဆီးစစ်​​ဆေးနေတဲ့လူ​တွေက အကြမ်းဖက်​ပြီး လွတ်​​မြောက်​ဖို့ ကြိုးစားလာတယ်​။ ကျနော်တို့ဘက်က ပထမ မိုး​ပေါ်​ထောင်​ပစ်​တယ်။ ​နောက် မထိန်းနိုင်​တဲ့အတွက်​ ပစ်​ခတ်​လိုက်​ရတာရှိတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်​။ ဒဏ်ရာရရှိသူတွေကတော့ ရသေ့တောင်မြို့နယ် စေတီပြင်တိုက်နယ် ဆေးရုံမှာ ဆေးကုသမူခံယူနေကြပြီး ဒဏ်ရာပြင်းထန်သူ ၃ ဦးကိုတော့ ICRC အဖွဲ့က စစ်တွေဆေးရုံ ပို့ဆောင်ကုသပေးထားပါတယ်။ ဗညား

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013