ဘူးသီးတောင်တွင် မီးလောင်၊ ဈေးဆိုင် ၂၉ ခန်းနှင့် စာသင်ကျောင်း ၂ ကျောင်း လောင်ကျွမ်း
DVB
·
May 10, 2019
ဘူးသီးတောင်မြို့နယ်မှာ မီးဖို မီးကြွင်းမီးကျန်ကတဆင့် မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် စာသင်ကျောင်း ၂ ကျောင်းနဲ့ ဈေးဆိုင်ခန်း ၂၉ ခန်း မီးလောင်ကျွမ်းခဲ့ပါတယ်။
မေ ၉ ရက်နေ့ မနက် ၁ နာရီကျော်လောက်က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ ကွန်တန်းဘင်္ဂါလီကျေးရွာမှာ မီးလောင်မှုဖြစ်ပွားခဲ့ရာ အလကခွဲ စာသင်ကျောင်း ၁ ကျောင်းနဲ့ အာရဗီစာသင်ကျောင်း ၁ ကျောင်း၊ ဈေးဆိုင်ခန်း ၂၉ ခန်း မီးလောင်ပျက်စီးသွားတယ်လို့ မောင်တောခရိုင် မီးသတ်ဦးစီးဌာနက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။
မီးလောင်ကျွမ်းမှုမှာ ကွန်တန်းကျေးရွာနေ လာလုရဲ့ အကြော်ဆိုင် မီးကြွင်းမီးကျန်က တဆင့် မီးကူးစက် လောင်ကျွမ်းခဲ့ရတာလို့ ဆိုပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ငွေကျပ် ၂၆ သိန်းကျော်ဖိုး ရှိကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
မီးစတင်လောင်ကျွမ်းခဲ့တဲ့ အကြော်ဆိုင်ရှင် လာလုကို ညောင်ချောင်းနယ်မြေ ရဲစခန်းမှာ အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - ဗညား