သာယာဝတီနှင့် ပြည်မြို့အကျဉ်းထောင်မှ အကျဉ်းသား ၃၀၀ ကျော် လွတ်မြောက်
DVB
·
April 26, 2019
ပဲခူးတိုင်းဒေသကြီး သာယာဝတီအကျဉ်းထောင်နဲ့ ပြည်မြို့အကျဉ်းထောင်တွေကနေ နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့် အမိန့်နဲ့ အကျဉ်းသူ အကျဉ်းသား ၃၀၀ ကျော် ဒီကနေ့ ပြန်လည်လွတ်မြောက်လာပါတယ်။
သာယာဝတီအကျဉ်းထောင်ကနေ အကျဉ်းသား ၂၀၁ ဦး၊ အကျဉ်းသူ ၈ ဦး စုစုပေါင်း ၂၀၉ ဦး လွတ်မြောက်လာပြီး လွတ်မြောက်တဲ့ အကျဉ်းသား/သူတွေကို သက်ဆိုင်ရာ ကားဂိတ်နဲ့ ဘူတာတွေထံကို အကျဉ်းထောင်ဝန်ထမ်းတွေကိုယ်တိုင် ပို့ဆောင်ပေးခဲ့တယ်လို့ သာယာဝတီ အကျဉ်းထောင်တာဝန်ရှိ သူတဦးက ပြောပါတယ်။
အလားတူ ပဲခူးတိုင်း ပြည်မြို့ အကျဉ်းထောင်ကနေ အကျဉ်းသား ၁၀၁ဦး နဲ့ အကျဉ်းသူ ၄ ဦး စုစုပေါင်း ၁၀၅ ဦး ပြန်လွတ်မြောက်လာပြီး အများစုက မူးယစ်ဆေးဝါးမှုတွေနဲ့ ထောင်ဒဏ် ကျခံနေရသူတွေ ဖြစ်တယ်လို့ ထောင်ပိုင် ဦးမင်းဝေကပြောပါတယ်။
လွတ်မြောက်လာသူအများစုက နယ်ဝေးဘက်တွေကများပြီး ၅ နှစ်အထက်နဲ့ ၁၀ ကျော် ထောင်ဒဏ်ကျခံရသူတွေလည်း ပါဝင်လာပါတယ်။
မူးယစ်ဆေးဝါးမှုနဲ့ ထောင် ၁၁ နှစ်ကျပြီး ထောင်ထဲမှာ ၄ နှစ်ခွဲနေပြီး ပြန်လွတ်လာတဲ့ ကိုဇော်နိုင်ဦးကတော့ သူဟာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ဘက်ကဖြစ်ပြီး ထောင်က အိမ်ပြန်ပေးဖို့ကိုလည်း စီစဉ်ပေးခဲ့တယ်လို့ ပြောပါတယ်
ပြည်မြို့အကျဉ်းထောင်ကနေ ပြီးခဲ့တဲ့ နှစ်ဆန်း ၁ ရက်နေ့ ပထမအကြိမ် သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့် အမိန့် ထုတ်ပြန်တုန်းကလည်း အကျဉ်းသား ၆၀ ကို ပြန်လွှတ်ပေးခဲ့ပါတယ်။
နိုင်ငံတ၀န်း အကျဉ်းထောင်အသီးသီးကနေ နိုင်ငံသားအကျဉ်းသား၊ အကျဉ်းသူပေါင်း ၆၉၄၈ ဦးကို မနေ့ညက ဒုတိယအကြိမ် လွတ်ငြိမ်းသက်သာခွင့်နဲ့ သမ္မတက ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။
သတင်း/ဓာတ်ပုံ- ဝဏ္ဏထွန်း၊မင်းညို