ထိုင်း-မြန်မာနယ်စပ် ဘီပီဝမ်းဂိတ်ဖွင့်လှစ်နိုင်ရန် တာဝန်ရှိသူများ သွားရောက်စစ်ဆေး
DVB
·
April 21, 2019
ရှမ်းပြည်နယ်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် ဘီပီဝမ်းဂိတ်ကို အလောတကြီးဖွင့်လှစ်ဖို့ ဆောင်ရွက်ပါက မှောင်ခိုလမ်းသာ ဖြစ်သွားမယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွှန့်လွင်က ပြောကြားခဲ့ပါတယ်။
အဆိုပါ ဘီပီဝမ်းဂိတ်ဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် ပုံပါကျင်မြို့ အပိုင်ထဲမှာရိုတာဖြစ်ပြီး ဧပြီ ၂၀ ရက် မနက်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးက ဂိတ်ပြန်လည်ဖွင့်လှစ်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး ကွင်းဆင်းစစ်ဆေးစဉ်မှာ ပြောကြားခဲ့တာပါ။
ဘီပီဝမ်းနယ်စပ်ဂိတ်ကို အရင် ကတပတ်ကို သုံးရက်လောက်ဖွင့်လှစ်ပေးခဲ့ပေမယ့် ၂၀၀၁ ခုနှစ်ကစပြီး တပ်မတော်စခန်းကို အမည်မသိလက်နက်ကိုင်အဖွဲ့တဖွဲ့က နှစ်နိုင်ငံပိုင်ဆိုင်တဲ့ တောင်ကုန်းပေါ်ကနေ လာရောက်ပစ်ခတ်တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပိတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။
အဲဒါကြောင့် ဒေသထွက်ကုန်နဲ့ တဖက်နိုင်ငံက တင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို တာချီလိတ်မြို့ကနေတဆင့် ကုန်သွယ်မှုပြုလုပ်နေရတာကြောင့် ကုန်ကျစရိတ်မြင့်မှု၊ လမ်းခရီးဝေးကွာမှုတို့ကြောင့် ဒေသခံတွေက အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ဖို့ လိုလားနေတာလည်း ဖြစ်ပါတယ်။