ထိုင်း-မြန်မာနယ်စပ်တွင် မူးယစ်ဆေးဝါးသယ်ဆောင်သူ ၂ ဦးကို အသေပစ်ခတ်ဖမ်းဆီး
DVB
·
March 27, 2017
ထိုင်း-မြန်မာနယ်စပ်မှာ မူးယစ်ဆေးဝါးသယ်ဆောင်လာသူ ၂ ဦးကို မတ်လ ၂၅ ရက်နေ့ နေ့လယ်ပိုင်းမှာ နယ်ခြားစောင့်တွဲဘက်လုံခြုံရေးစစ်သားတွေက သေနတ်နဲ့ အသေပစ်သတ် ဖမ်းဆီးခဲ့ရတယ်လို့ ထိုင်းပီဘီအက်စ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်ဒေသရဲ့ တောတွင်းမီတာ ၇၀၀ လောက်အကွာမှာ ဖြစ်ခဲ့တာဖြစ်ပြီး သူတို့ဆီမှ ယာဘစိတ်ကြွမူးယစ်ဆေးပြား ၁ သိန်းလောက်ကို သိမ်းဆည်းရမိခဲ့တာပါ။
စစ်သားတွေပါဝင်တဲ့ လုံခြုံရေးကင်းတပ်ဖွဲ့ဟာ ကင်းလှည့် စစ်ဆေးခဲ့ချိန်မှာ မူးယစ်ဆေးဝါး သယ်ဆောင်သူတွေလို့ သံသယဖြစ်ဖွယ် လက်နက်ကိုင်အမျိုးသား ၄ ဦးကို စတင်တွေ့ရှိခဲ့တာပါ။
အဆိုပါအမျိုးသား ၄ ဦးကို စစ်သားတွေက ရပ်တန့်စစ်ဆေးဖို့ အမိန့်ပေးခဲ့ချိန်မှာ သူတို့ကခုခံပြီး လွတ်မြောက်အောင် ထွက်ပြေးဖို့ ကြိုးစားခဲ့ကြတာပါ။
သူတို့ထဲက တဦးက တောတွင်းချုံပုတ်တခုကို မီးရှို့ပြီး မီးခိုးငွေ့တွေ ထွက်ပေါ်လာချိန် ထွက်ပြေးဖို့ ကြိုးစားစဉ် စစ်သားတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့ကြတာပါ။
နောက်ဆုံးမှာတော့ သေနတ်ပစ်တိုက်ခိုက်မှုတွေဖြစ်အပြီး စစ်သားတွေက ပိုက်စိပ်တိုက် ရှာဖွေခဲ့ချိန်မှာတော့ သေဆုံးနေတဲ့ အမျိုးသား ၂ ဦးကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
သူတို့ ၂ ဦးအနီးမှာတော့ ကျောပိုးအိတ်တလုံးထဲက မူးယစ်ဆေးပြား ၁ သိန်းလောက်ကို တွေ့ရှိခဲ့ပြီး နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။