Homeမြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းနှင့် ကန် ဗိသုကာပညာရှင်များ မင်းသုဝဏ်ကျောင်းဆောင်သစ် ဆောက်လုပ်ရန်စီစဉ်
ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းနှင့် ကန် ဗိသုကာပညာရှင်များ မင်းသုဝဏ်ကျောင်းဆောင်သစ် ဆောက်လုပ်ရန်စီစဉ်
DVB
·
July 6, 2017
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မဲကုကျေးရွာက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးငယ်တွေနဲ့ မိဘမဲ့ ကလေးတွေကို ပညာသင်ကြားပေးနေတဲ့ မင်းသုဝဏ် မြန်မာစာသင် ကျောင်းဆောင်သစ်အတွက် အမေရိကန်က ဗိသုကာပညာရှင်နဲ့ ထိုင်းနိုင်ငံချူလာလောင်ကွန်း တက္ကသိုလ်က အင်ဂျင်နီယာ ကျောင်းသားတွေ စုပေါင်းပြီး ဆောက်လုပ်ပေးဖို့ စီစဉ်နေကြပါတယ်။
မြန်မာပြည်ဖွား ဂေါ်ရခါးလူငယ်များအဖွဲ့ရဲ့ ရံပုံငွေအပြင် နိုင်ငံတကာက တဦးချင်း အလှူရှင်တွေရဲ့ ထည့်ဝင်ငွေတွေ စုစုပေါင်း လက်ရှိ ကျောင်းဆောင်သစ်အတွက် ထောက်ပံ့ငွေအဖြစ် နှစ်သိန်း ခြောက်သောင်းခန့် ကောက်ခံရရှိထာကြောင်း သိရပါတယ်။
အဲဒီ မြန်မာစာသင်ကျောင်းဆောင်သစ် ဆောက်လုပ်ရာမှာ ကုန်ကျစရိတ် ထိုင်းဘတ်ငွေ သုံးသိန်းခွဲကနေ လေးသိန်းအထိ ကုန်ကျနိုင်တယ်လို့လည်း မျှော်မှန်းထားကြပါတယ်။ အဲဒီ မင်းသုဝဏ် မြန်မာစာသင်ကျောင်းမှာ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေရဲ့ သားသမီးတွေနဲ့ မိဘမဲ့ကလေးတွေ စုစုပေါင်း ၁၆၀ ကျော်လောက်ကို အလယ်တန်းအထိ ပညာသင်ကြားနေ ကြပါတယ်။
ရွှေ့ပြောင်းအလုပ်သမားတွေ လုပ်ငန်းခွင်ဝင်နေချိန်မှာ ကလေးငယ်တွေ လုံခြုံမှုရှိစေဖို့၊ လူကုန်ကူးခံရမှုကနေ ကာကွယ်ပေးနိုင်ဖို့၊ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ဖို့၊ မြန်မာစာပေနဲ့ အသိပညာ အတတ်ပညာတွေ သင်ကြားပေးနိုင်ဖို့တွေ ရည်ရွယ်ပြီး ထိုင်းနိုင်ငံရောက် မြန်မာပြည်ဖွား ဂေါ်ရခါးလူငယ်များ အစည်းအရုံးက ဦးဆောင်ကာ ဒီကျောင်းဆောင်သစ်ကို ဖွင့်လှစ်ခဲ့ကြတာ ဖြစ်ပါတယ်။