မိတ္ထီလာတွင် မိုးသက်လေပြင်းကြောင့် နေအိမ်အဆောက်ဦများ အမိုးလန်ပျက်စီး
DVB
·
April 21, 2019
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ကျေးရွာတွေမှာ ဧပြီ ၁၉ ရက်ညနေက မိုးသက်လေပြင်းတိုက်ခတ်တာကြောင့် နေအိမ်အဆောက်ဦ ၁၅ လုံး အမိုးလန်ပျက်စီးခဲ့ပါတယ်။
ကျွဲတလင်းအုပ်စုအုပ်ချုပ်ရေးမှူး ဦးညွန့်ဝင်းက "မနေ့ညနေက လေပြင်းတိုက်သွားတာပါ။ အမိုးလန်သွားတဲ့ အိမ်တွေမှာ နေလို့ဖြစ်အောင် ပြန်လုပ်ပြီး အဲဒီအိမ်မှာပဲ ဆက်နေကြတယ်။ အဆောက်အဦ ပြိုကျပျက်စီးတာ မရှိပါဘူး။ မိုးသက်လေပြင်းလာတာ အနောက်ဘက်ဆီက လာတာဆိုတော့ အနောက်ဘက်အပိုင်းက သွပ်မိုးတွေ ပျက်တာများပါတယ်။ အပျက်အစီးတွေ စာရင်းပြုစုပြီး တင်ပြထားတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။
ကျွဲတလင်းအုပ်စု ဖျောက်ဆိပ်ပင်ရွာ၊ မြင်းကန်အုပ်စု ဆည်ကုန်းရွာနဲ့ သီးကုန်းအုပ်စု မကျီးချိုရွာတွေက နေအိမ်အဆောက်ဦတွေ အမျိုးလန်ပျက်စီးခဲ့တာပါ။
ဘုန်းကြီးကျောင်း ၂ ကျောင်း၊ စာသင်ကျောင်း ၂ ကျောင်း၊ လူနေအိမ် ၁၁ လုံး စုစုပေါင်း အဆောက်အဦ ၁၅ လုံး အမိုးလန်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၈ သိန်းလောက် ရှိတယ်လို့ သိရပါတယ်။
သတင်း-မောင်မောင်လင်း