မိတ္ထီလာတွင် ယာမြေအား ထွန်ယက်ရာမှ စစ်ကျန်ဗုံသီးဟောင်း တွေ့ရှိ
DVB
·
July 26, 2019
မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ လျှော်ဖြူကန်အုပ်စု GTC ကျောင်း မြောက်ဘက်ရှိ ယာမြေအား ဇူလိုင် ၂၅ ရက်ညနေက ထွန်စက်နဲ့ ထွန်ယက်မြေညှိရာမှ စစ်ကျန်ဗုံးသီးဟောင်း ၁ လုံး တွေ့ရှိရတယ်လို့ မိတ္ထီလာအမှတ်(၃) ရဲစခန်းက ပြောပါတယ်။
ဦးထွန်းစံရှိန်ပိုင်တဲ့ ဦးပိုင်အမှတ် ၂၅ ကွင်းအမှတ် ၆၂၇ ဆင်သေရိုးကွင်းက ၂ ဧကကျော်ရှိ ယာမြေကို ထွန်ယက်မြေညှိစဉ် စစ်ကျန်ဗုံးသီးဟောင်းကို တွေ့ရှိခဲ့တာပါ။
မိတ္ထီလာအမှတ် ၃ ရဲစခန်းတာဝန်ကျ ရဲအရာရှိက “ယာမြေကို ထွန်လိုက်တော့ သံချေးတက်နေတဲ့ ဗုံးသီဟောင်း ပေါ်လာတယ်။ အလျား ၉ လက်မ၊ လုံးပတ် ၁၀ လက်မ ရှိတယ်။ စစ်မြေပြင် အင်ဂျင်နီယာတပ်ကို လွှဲပြောင်းပေးသွားမှာပါ” လို့ ပြောပါတယ်။
ဇူလိုင် ၂၅ ရက် ညနေ ၆ နာရီလောက်မှာပဲ အမှတ် ၉၁၁ စစ်မြေပြင် အင်ဂျင်နီယာတပ်ကို စစ်ကျန်ဗုံးသီးဟောင်း လွှဲပြောင်းပေးလိုက်ပြီလို့ သိရပါတယ်။
သတင်း-မောင်မောင်လင်း