မိတ္ထီလာတွင် ချက်ကြိုးတန်းလန်းဖြင့် စွန့်ပစ်ထားသည့် ကလေးအလောင်းတွေ့ရှိ
DVB
·
May 24, 2019
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့မှာ နယ်မြေ ၁၂ ရန်မျိုးအောင်ရပ်ကွက် စိမ့်ရေတွင်းအနီး စိန်ပန်းပင်အောက်မှာ မေ ၂၃ ရက်က ချက်ကြိုးတန်းလန်းနဲ့ သေဆုံးနေတဲ့ ကလေးအလောင်း စွန့်ပစ်ထားတာ တွေ့ရှိတယ်လို့ မိတ္ထီလာအမှတ် ၂ ရဲစခန်းက ပြောပါတယ်။
မိတ္ထီလာအမှတ် ၂ ရဲစခန်းစခန်းမှူး ရဲအုပ်ဝင်းမြင့်ဦးက “ကလေးအလောင်းမှာ ပြင်ပဒဏ်ရာ မတွေ့ရပါဘူး၊ စွန့်ပစ်သွားသူကို စုံစမ်းနေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒေသခံတဦးက “ကလေးပျက်ကျတာ ထင်တယ် ဘာပဲဖြစ်ဖြစ်ပေါ့။ အခုဟာက ခွေးတွေဝိုင်းဟောင်နေမှ သိကြတယ်။ အဲရောက်မှ တာဝန်ရှိသူတွေကို အကြောင်းကြားကြတယ်” လို့ ပြောပါတယ်။
အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၂ နှစ် ချမှတ်နိုင်တဲ့ ကလေးအလောင်းကို တိတ်တဆိတ် ဖျောက်ဖျက်ခြင်း ရာဇသတ်ကြီးပုဒ်မ ၃၁၈ နဲ့ ကလေးအလောင်း စွန့်ပစ်သူကို အရေးယူဖို့ မိတ္ထီလာအမှတ် ၂ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
သတင်း-မောင်မောင်လင်း