အင်းတော်တွင် ကျပ်သိန်း ၉၆၀၀ တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
April 19, 2019
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်မှာ ငွေကျပ်သိန်း ၉၆၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
ဧပြီ ၁၇ ရက် ည ၁၁ နာရီခွဲလောက်က နဘားရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ အင်းတော်မြို့နယ်၊ မန္တလေး-မြစ်ကြီးနားသွားကားလမ်း၊ နဘားလမ်းခွဲမှာ ဇော်မင်းဦး (ခ) ဇော်မင်း မောင်းနှင်လာတဲ့ VIGO အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာရာမှ ဘိန်းဖြူနဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးမိခဲ့တာပါ။
မော်တော်ယာဉ်ရဲ့ ကြမ်းခင်းအံဝှက်အတွင်းမှ ဆပ်ပြာခွက် ၆၆၀ ခွက်နဲ့ ထည့်ထားတဲ့ ဘိန်းဖြူ ၆ ဒသမ ၆ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၆၀,၀၀၀ ပြားနဲ့ ငွေ ၂၀၀,၀၀၀ ကျပ်တို့ကို သိမ်းဆည်းရမိခဲ့တာပါ။
ဇော်မင်းဦး (ခ) ဇော်မင်း (၂၉) နှစ်အား မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။