ချောက်မြို့တွင် သိမ်းဆည်းထားသည့် ဆိုင်ကယ်အိတ်ဇော ၁ဝဝ ကျော်ကို ဖျက်ဆီး
DVB
·
March 21, 2019
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့မှာ ပြီးခဲ့တဲ့တနှစ်ကျော်ကာလအတွင်း ဖမ်းဆီး သိမ်းဆည်းထားတဲ့ ဆိုင်ကယ်ပါဝါအိတ်ဇောတွေကို ဒီနေ့မနက်က မြို့မရဲစခန်းရှေ့ လမ်းမတော် လမ်းမပေါ်မှာ လမ်းကြိတ်စက်နဲ့ ဖျက်ဆီးခဲ့ပါတယ်။
ချောက်မြို့ ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဌေးဝင်းက “စက်သံဆူညံ အိတ်ဇောတွေ အဲဒါတွေက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဥပဒေမှာလည်းပါတယ်။ ဆိုင်ကယ်စက်သံဆူညံစေတဲ့ အိတ်ဇော ၁၀၀ ကျော်ဒီကနေ့ ဖျက်စီးခဲ့တယ်” လို့ပြောပါတယ်။
အခုနှစ် ဇန်နဝါရီလမှ မတ်လ အထိ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းစစ်ဆေးမှု အကြိမ်ရေ စုစုပေါင်း ၁၉ ကြိမ် ဆောင်ရွက်ခဲ့ရာမှာ ဥပဒေဖောက်ဖျက်တဲ့ အမှုပေါင်း ၃၇၆ မှုရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင်ဆိုင်ကယ်စီးဦးထုပ်မဆောင်းသူ ၁၆၀ ဦး၊ မီးနီဖြတ်သန်း ဆိုင်ကယ်စီးသူ ၆ ဦး၊ ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်မပါသူ ၁၄၈ ဦး၊ စက်သံဆူညံအိတ်ဇောတပ်ဆိုင်ကယ်မောင်းနှင်သူ ၅ ဦး၊ ဆိုင်ကယ်မှာ နောက်ကြည့်မှန်မတတ်သူ ၅၇ ဦးကို အရေးယူခဲ့တယ်လို့ သိရပါတယ်။
ကိုလင်း(ချောက်)