စစ်ကိုင်းမြို့ သံရည်ကျိုစက်ရုံတွင် ဗုံးသီးဟောင်း ၂ လုံး တွေ့ရှိ
DVB
·
March 8, 2019
စစ်ကိုင်းမြို့ စက်မှုဇုန် သံရည်ကျိုစက်ရုံတခုမှာ ဗုံးသီးဟောင်း ၂ လုံး တွေ့ရှိ သိမ်းဆည်းခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
မတ် ၇ ရက်နေ့ ညနေပိုင်းက စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်၊ ပတ္တမြား စက်မှုဇုံ “ကျုံရီ” သံရည်ကျိုစက်ရုံမှာ စက်ရုံကြီးကြပ်ရေးမှူး ဦးမောင်မောင်မြင့်ဟာ သံရည်ကျိုရန်စုပုံထားတဲ့ သံတိုသံစ မျိုးစုံအတွင်းမှ RPG ဗုံးသီးဟောင်း ၁ လုံးနဲ့ BA-100 ဗုံးသီး ဟောင်း ၁ လုံး၊ စုစုပေါင်း ဗုံးသီးဟောင်း ၂ လုံးတို့အား တွေ့ရှိခဲ့တာပါ။
ဗုံးသီးဟောင်း ၂ လုံးကို စစ်ကိုင်းရဲကင်း စခန်းမှူး ရဲအုပ်ဇော်ထွန်း ဦးစီးသည့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ပြီး စအရ ၉၀၉ ကို သိမ်းဆည်းသယ်ဆောင်သွားတယ်လို့ သိရပါတယ်။