မြင်းခြံ သားဖွားမိယပ်နှင့်ကလေးကုသဆောင်သစ်ကို အလှူရှင်က လွှဲပြောင်းပေးအပ်
DVB
·
February 22, 2019
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ ပြည်သူ့ဆေးရုံကြီးဝန်းအတွင်းရှိ သုခိတာ သားဖွားမီးယပ်နဲ့ မွေးကင်းစကလေးကုသဆောင်သစ် သုံးထပ်ဆောင်ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနထံ အလှူရှင်က မနေ့က လွှဲပြောင်းပေးအပ်လိုက်ပါတယ်။
အလျား ၁၁၀ ပေ၊ အနံ ၅၈ ပေ၊ အမြင့် ပေ ၄၀ ရှိတဲ့ သုံးထပ်ဆောင်သစ်ကို ၂၀၁၇ ကစတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး မြင်းခြံမြို့ သုခိတာဆေးလိပ်လုပ်ငန်းမိသားစုက ကျပ်သိန်းပေါင်း ၆၀၀၀ ကျော် အကုန်ကျခံ လှူဒါန်းတာပါ။
သုခိတာဆေးလိပ်လုပ်ငန်းမှ ဒေါ်ချိုချိုဝင်းက "၂၀၀၂ ခုနှစ်ကလည်း မြင်းခြံပြည်သူ့ဆေးရုံကြီးမှာ သားဖွားမီးယပ်ဆေးရုံ ၁ ထပ်ဆောင်ကို လှူဒါန်းခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်လောက်မှာ သားဖွားမီးယပ်ဆောင်မှာ မွေးလူနာတွေအရမ်းများနေတယ်၊ စင်္ကြန်လမ်းတွေမှာ ထားရတယ်လို့ သိရတော့ အဲ့ဒီအချိန်ကတည်း ဆောက်လုပ်လှူဒါန်းဖို့ ရည်ရွယ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မဆောက်လုပ်ဖြစ်ခဲ့ဘူး။ ၂၀၁၇ ခုရောက်တဲ့အခါမှာ လှူဒါန်းဖြစ်ခဲ့တာပါ။ မိခင်လောင်းများနဲ့ အနာဂတ်ရဲ့မျိုးဆက်သစ်လေးတွေအတွက် အုပ်တချပ် သဲတပွင့်အဖြစ် ကူညီဆောင်ရွက်ခွင့်ရလို့ ဝမ်းသာပီတိဖြစ်ရပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
သုံးထပ်ဆောင်သစ် လွှဲပြောင်းပေးအပ် လှူဒါန်းပွဲကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်နဲ့ အစိုးရအဖွဲ့ဝင်တွေ၊ မြင်းခြံဆေးရုံမှ ဆရာဝန် ဆရာမတွေ၊ လူမှုပရဟိတအသင်းတွေနဲ့ ရပ်မိရပ်ဖတွေ တက်ရောက်ခဲ့ကြပါတယ်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကလည်းဆေးရုံအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ပံ့ပိုးပေးသွားမှာဖြစ်ပြီး အရေးကြီးဆုံးက ဆေးရုံအတွင်းအပြင် သန့်ရှင်းရေးနဲ့ ရေအိမ်သာတွေသန့်ရှင်းဖို့က အရေးကြီးတယ်လို့ ပြောပါတယ်။
သတင်းနှင့်ဓာတ်ပုံ - ရီရီထွန်း (မြင်းခြံ)