မြင်းခြံတွင် မိုးကြက်သွန်နီဈေးနှုန်းများ ဆက်တိုက်ကျဆင်းနေ
DVB
·
January 19, 2019
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်ရှိ ဒေသထွက် မိုးကြက်သွန်နီဈေးနှုန်းဟာ ဇန်နဝါရီ တတိယအပတ်ကစတင်ပြီး ၁ ပိသာကို ၂၀၀ ကျပ်ဝန်းကျင်အထိ ဆက်တိုက်ကျဆင်းနေတယ်လို့ မြင်းခြံရွှေဒင်္ဂါး ကြက်သွန်ပွဲရုံမှ ကိုကျော်ဇင်ဝင်းက ပြောပါတယ်။
"ခုတပတ်အတွင်းမှာ မိုးကြက်သွန်နီဈေးနှုန်းဟာ ဆက်တိုက်ကျဆင်းနေတယ်။ ဒီရာသီက မိုးကြက်သွန် အထွက်များဆုံးလည်း ဖြစ်တယ်။ နောက်ပြီး အဓိကတင်ပို့နေရတဲ့ ရန်ကုန် နဲ့ မော်လမြိုင်မှာလည်း ကြက်သွန်ကားတွေ တနေ့ ၃၅ စီးဝန်းကျင်လောက် ဝင်ရောက်နေတာရယ်၊ ရန်ကုန် မော်လမြိုင်ဘက်မှာလည်း အရောင်းအဝယ် အေးနေတာကြောင့် ဒီနယ်တွေမှာ ဈေးနှုန်းက ဆက်တိုက်ဆိုသလို့ နေ့စဉ်ကျဆင်းနေတာပါ။ စိုက်ပျိုးတဲ့ တောင်သူအများစုဟာ ဒီလိုဈေးနှုန်း မတည်ငြိမ်တော့ အလုပ်သမားစရိတ် နဲ့ အခြား မြေသြဇာ စရိတ်တွေက ကြီးမြင့်တော့ အခက်အခဲများပြီး ရှုံးကြတာပေါ့။”
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလတုန်းကတော့ မိုးကြက်သွန်နီ ဈေးနှုန်းဟာ ၁ ပိဿာကို ၂၀၀၀ ကျပ်ကျော် ဈေးနှုန်းအထိ အရောင်းအဝယ် ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။
"ကြက်သွန်နီက ကုန်စိမ်းလည်းဖြစ်တယ်၊ ပြီးတော့ ပြည်တွင်း/ပြည်ပက ဝယ်လိုအား ရောင်းလိုအားတွေ ကောင်းနေရင်တော့ အတိုင်းအဆမရှိ ဈေးက တက်နေပြန်ရော၊ ပြည်တွင်း ပြည်ပကလည်း ဆွဲအားမကောင်းဘူး၊ နယ်စုံမှာ ကြက်သွန်နီ အထွက်များနေတယ်ဆိုရင်လည်း အတိုင်းအဆမရှိ ဈေးနှုန်းက ကျဆင်းတတ်တဲ့ သဘောပါ။ အစိုးရအနေနဲ့က ပြည်တွင်းမှာ ကြက်သွန်ဈေးတွေတက်နေရင် ပြည်ပက ကြက်သွန်တွေအဝင်မခံဖို့ ထိန်းချုပ်ပေးသင့်တယ်။ ခုလို ဈေးကျနေတော့လည်း တောင်သူတွေကို ဘာတခုမှ အကာအကွယ်မပေးနိုင်ဘူး၊ ဈေးကွက်ကိုလည်း ထိန်းချုပ်ထားလို့ မရတော့ အကောင်းအဆိုးတွေကတော့ ရှိနေမှာပဲ။ နောက်ပြီး ခုချိန်က ပြည်တွင်းမှာပဲ လည်ပတ်နေတော့ ဈေးနှုန်းက ကျဆင်းနေတာ” လို့ သူက ဆက်ပြောပါတယ်။
ဒီကနေ့ မြင်းခြံကုန်စည်ဒိုင်ရဲ့ ကြက်သွန်နီဈေးနှုန်းဟာ မိုးကြက်သွန် အခြောက်/အချော ၁ ပိဿာကို ၅၀၀ ကျပ် မှ ၅၂၅ ကျပ်ဈေးနှုန်းနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ကြက်သွန်နီ အစို/အကြမ်းစကိုတော့ ၁ ပိဿာ ၄၂၅ ကျပ်မှ ၄၇၅ ကျပ်နဲ့သာ အရောင်းဝယ် ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ နေ့စဉ် ကြက်သွန်နီကုန်ချိန် ပိဿာ ၂ သိန်းကျော် ဝင်ရောက်နေတယ်လို့ မြင်းခြံကုန်စည်ဒိုင်မှ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ-ရီရီထွန်း ( မြင်းခြံ)