မြင်းခြံ နည်းပညာကောလိပ်တွင် ရှေးဦးသူနာပြုစုခြင်းသင်တန်း ပို့ချ
DVB
·
January 6, 2019
မြင်းခြံ အစိုးရနည်းပညာကောလိပ်မှာ ကျောင်းသားတွေ ကျန်းမာရေးဗဟုသုတရှိစေဖို့ ရည်ရွယ်ပြီး အခြေခံရှေးဦးသူနာပြုစုခြင်း သင်တန်းကို ဇန်န၀ါရီ ၆ ရက်နေ့က ပို့ချခဲ့ပါတယ်။
စက်မှုကျောင်းသားတွေ ကျန်းမာရေးဗဟုသုတ ရရှိဖို့နဲ့ အများကိုလည်း ကူညီသွားနိုင်ဖို့ ရည်ရွယ်ချက်နဲ့ အခုလို သင်တန်းပို့ချတာဖြစ်ပြီး ကျောင်းသား ၅၀ လောက် တက်ရောက်တယ်လို့ မန္တလေးတိုင်းဒေသကြီး မြင်းခြံအစိုးရ နည်းပညာကောလိပ်မှ ဆရာမ ဒေါ်တင်နုကြည် (မော်ကွန်းထိန်း) က ပြောပါတယ်။
သင်တန်းပို့ချသူ မြင်းခြံမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ နည်းပြဆရာမ ဒေါ်မြတ်မြတ်မိုးက "ရှေးဦးသူနာပြုစုခြင်းဆိုတာ လူသားတိုင်းတက်ထားသင့်တဲ့ ပညာရပ်ပါ။ ဒီပညာရပ်နဲ့ လူထုကို ကာကွယ်နိုင်တယ်၊ ဒီသင်တန်းကို တက်ထားတဲ့ ကျောင်းသား/သူ ဆိုရင် ကျောင်းအတွက်လည်း ခိုင်မာပါတယ်၊ အခုခေတ်မှာ တိုးတက်လာတာနဲ့အမျှ မတော်တဆမှုတွေက များလာပါတယ်။ ဒီလို မတော်တဆမှုတွေကို ဒီပညာရပ်တွေ တတ်ထားခဲ့မယ်ဆိုရင် စနစ်ကျတဲ့ ကူညီမှုနဲ့ အကူအညီပေးသွားနိုင်မှာ ဖြစ်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒီသင်တန်းဟာ မြင်းခြံ အစိုးရနည်းပညာကောလိပ်မှာ ပထမအကြိမ် ဖွင့်လှစ်သင်ကြားတာဖြစ်ပြီး ကျောင်းသား/သူတွေက စိတ်ဝင်စားမှုကြတယ်လို့ သင်တန်းတက်ရောက်နေတဲ့ ကိုကျော်ဘုန်းသန့်က ဆိုပါတယ်။
"ကျနော်တို့ ကျောင်းသား/သူတွေ လုပ်ငန်းခွင်ဝင်တဲ့အခါမှာ လုံခြုံမှုကို ဦးစားပေးဆိုတဲ့ စကားရှိပါတယ်။ ကျနော်တို့ အင်ဂျင်နီယာတွေ လုပ်ငန်းခွင်ထဲရောက်တဲ့အခါမှာ မိမိနဲ့ အခြားလုပ်ဖော်ကိုင်ဖက်ဖြစ်စေ၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့တဲ့အခါမျိုးဖြစ်စေ၊ အန္တရာယ်တခုခုကြုံတဲ့အခါမှာ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းတက်ထားတာကြောင့် အကူအညီ ပေးလို့ရတာမို့ ဒီသင်တန်းကို တက်ရောက်နေတာ။”
မြင်းခြံ အစိုးရနည်းပညာကောလိပ်ကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား/သူ ၁၃၀၀ ကျော်ရှိပြီး ရှေးဦးသူနာပြုစုခြင်းသင်တန်းကို ကျောင်းပိတ်ရက်ဖြစ်တဲ့ စနေ/တနင်္ဂနွေနေ့တွေ ပို့ချပေးနေတာဖြစ်ပြီး သင်တန်းကာလ ၈ ရက်ဖြစ်တယ်လို့ သိရပါတယ်။
ရီရီထွန်း (မြင်းခြံ)