ကရင်နီလူငယ် ၉ ဦးအမှု ဒီမောဆိုတရားရုံး ရုပ်သိမ်း
DVB
·
February 16, 2019
ကရင်နီသမိုင်းအကြောင်းအမှန်ပါ စာရွက်တွေကို ဖြန့်ဝေခဲ့လို့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)( ဂ) နဲ့ တရားရင်ဆိုင်နေရတဲ့ ကရင်နီလူငယ် ၉ ဦးရဲ့ အမှုကို ဒီမောဆိုတရားရုံးက ဒီကနေ့ ရုပ်သိမ်းပေးလိုက်ပါတယ်။
ဗိုလ်ချုပ်ကြေးရုပ် ကန့်ကွက်လှုပ်ရှားလို့ တရားစွဲခံထားရတဲ့ ကရင်နီပြည်လူငယ်တွေရဲ့ အမှုအားလုံးကို ရုပ်သိမ်းပေးဖို့ ပြီးခဲ့တဲ့ ၁၂ ရက်နေ့က ကယားပြည်နယ်အစိုးရအဖွဲ့နဲ့ ကရင်နီပြည်လူငယ်များအင်အားစု ကိုယ်စားလှယ်တွေရဲ့ နှစ်ဖက်ညှိနှိုင်း သဘောတူညီချက်အရ အခုလို ပထမဦးဆုံး အမှုပြန်လည်ရုပ်သိမ်းပေးခဲ့တာပါ။
ကရင်နီလူငယ် ၉ ဦးဟာ ၂၀၁၈ ခုနှစ် ဇူလိုင်လကတည်းက ရာဇသတ်ကြီးပုဒ်မ ၅၀၅ နဲ့ မြို့နယ် ၅ မြို့နယ်မှာ တရားစွဲခံခဲ့ရတာဖြစ်ပါတယ်။
မြို့နယ် ၅ မြို့နယ် လှည့်လည်တရားရင်ဆိုင်ရတာ အဆင်မပြေတာကြောင့် ကရင်နီလူငယ်တွေက စုပေါင်းတရားရင်ဆိုင်ဖို့ ကယားပြည်နယ်တရားလွှတ်တော်ရုံးကို စာတင်ခဲ့လို ဒီးမော့ဆိုမြို့နယ်တရားရုံးမှာ စုပေါင်းတရားရင်ဆိုင်ခွင့်ရရှိခဲ့ပါတယ်။
နှစ်ဖက်ညှိနှိုင်း သဘောတူညီချက်အရ ပြည်နယ်အစိုးရဘက်က ကရင်နီလူငယ် ၉ ဦးရဲ့ ပုဒ်မ ၅၀၅ အမှုကို ရုပ်သိမ်းပေးခဲ့တာဆိုပေမယ့် ငြိမ်းစုစီ ပုဒ်မ ၁၉၊ ၂၀ နဲ့ တရားစွဲခံထားရတဲ့ လူငယ် ၄၀ လောက်ရဲ့ အမှုကိုတော့ ပြန်ရုပ်သိမ်းပေးတာ မရှိသေးဘူးလို့ ဆိုပါတယ်။
အခုလိုအမှုပြန်ရုပ်သိမ်းပေးတဲ့ ကရင်နီလူငယ် ၉ ဦးဟာ ကယားပြည်နယ် လွိုင်ကော်၊ ဖရူဆို၊ ဖားဆောင်း၊ ဘော်လခဲနဲ့ ဒီးမောဆိုမြို့နယ်တွေမှာ ကရင်နီသမိုင်းအမှန်ပါစာရွက်တွေကို ဖြန့်ဝေခဲ့လို့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ ခ၊ ဂ နဲ့ တရားစွဲဆိုခံခဲ့ရတဲ့ လူငယ်တွေဖြစ်ပါတယ်။
သတင်း- ခွန်းတူးတူးလေး