ရသေ့တောင် သမီးလှရွာသစ်က လက်နက်ကြီးကျည်စမှန်သည့် ကလေးငယ် ကွယ်လွန်
DVB
·
January 29, 2019
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှရွာသစ်က လက်နက်ကြီးကျည်အစ မှန်တဲ့ အသက် ၇ နှစ်အရွယ် ကလေးငယ် မောင်နိုင်စိုး ကွယ်လွန်သွားပါတယ်။
ဇန်နဝါရီ ၂၆ ရက်နေ့ မနက်ပိုင်းက အေအေနဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ရွာထဲကို လက်နက်ကြီးကျည်ဆန်ကျရာမှ ဦးခေါင်းမှာဒဏ်ရာရှိခဲ့တဲ့ အသက် ၇ နှစ်ကလေး မောင်နိုင်စိုး ရန်ကုန်ဆေးရုံကိုအသွား ကျောက်တော်မြိုနယ်အရောက်မှာ ကွယ်လွန်သွားပါတယ်။
စစ်တွေလူမူကူညီရေးအဖွဲ့မှာ ဆရာဦးသန်းထွန်းက မောင်နိုင်စိုးဟာ ပြီးခဲ့တဲ့ စနေနေ့က ရသေ့တောင်ကနေ စစ်တွေဆေးရုံကို ရောက်ရှိကုသခဲ့ရာ ဒဏ်ရာပြင်းထန်လို့ ရန်ကုန်ပို့ဆောင်ချိန်မှာ ကွယ်လွန်သွားတာလို့ ပြောပါတယ်။
“ကလေးငယ် ရန်ကုန်သို့ အမြန်ဆုံးရောက်ရှိနိုင်ရေး၊ ရန်ကုန် ရောက်လျင် ဆေးရုံ တက်ရောက်နိုင်ရေးကို ရန်ကုန်သို့ချိတ်ဆက်ပြီး အစစ စီစဉ်ထားပေးခဲ့ကြပါတယ်။ သို့သော် ကလေးကံဆိုးခဲ့ပါတယ်။ ရန်ကုန်အပို့ ကျောက်တော်မြို့နယ်အနီးအရောက် ည ၈ နာရီခန့်မှအချိန် ကားပေါ်၌ သေဆုံးသွားခဲ့ပါပြီ။ ခု စစ်တွေကို ပြန်သယ်လာပါပြီ။ ကလေးရဲ့ အဖေဖြစ်သူကလည်း အလွန်ပင်ပန်းပြီး သတိလစ်နေပါတယ်။ အဖေ သတိပြန်ရမှ ဘယ်မှာ သင်္ဂြိုဟ်မလဲ သူအဖေဆန္ဒအတိုင်း ကျနော်တို့ ကူညီသွားမှာပါ။"
ဇန်နဝါရီ ၂၆ ရက်နေ့ မနက်ပိုင်းက သမီးလှရွာသစ်အနီး ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အတွက် အသက် ၇ နှစ်အရွယ် မောင်နိုင်စိုး အပါအ၀င် ကျေးရွာသား ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
မောင်နိုင်စိုးဟာ နေအိမ်အတွင်း မိသားစုနဲ့အတူ မီးလှုံနေစဉ် လက်နက်ကြီး ကျည်ဆန်အစ ထိမှန်ခဲ့တာဖြစ်ပါတယ်။