မြစ်ဆုံမှာ အချစ်ကုန်သွားနိုင်တယ် (သုတကဖေး)
DVB
·
January 18, 2019
မြစ်ဆုံမှာ…
ကချင်ရိုးရာပုံပြင်လေးတပုဒ်ရှိတယ်။
“စကြဝဠာအစဟာ လဟာပြင်ကြီးပါ။ အဲဒီလဟာပြင်ထဲမှာ အဖိုဓာတ်နဲ့အမဓာတ် နှစ်မျိုးပဲရှိတယ်။ ဒီဓာတ်နှစ်ခု ပေါင်းစပ်မိတော့ “အင်ဂေါင်ဝမဂမ်” ဆိုတဲ့ နတ်မင်းကြီး ဖြစ်လာသတဲ့။ ဒီနတ်မင်းကြီးရဲ့ ခန္ဓာကိုယ်ကနေ မောဒန၊ မောဒလငွတ်နဲ့ လင်ယူလဝဆိုတဲ့ နတ်မင်းညီနောင်သုံးဦး ပေါ်ထွက်ခဲ့တယ်။ ဒီညီနောင်သုံးဦးကမှ ကောင်းကင်၊ မြေကြီး၊ နေလ နက္ခတ်တာရာ ပန်းမန်သစ်ပင်နဲ့တကွ လူသတ္တဝါတွေ ဖန်ဆင်းခဲ့တယ်ဆိုပဲ။ နောက်ပိုင်းရောက်တော့ နတ်မင်းကြီး “အင်ဂေါင်ဝမဂမ်” က ညာလက်နဲ့ ရွှေခွက်ကိုင်၊ ဘယ်လက်နဲ့ ငွေခွက်ကိုင်ကာ မဟာအဏ္ဏဝါအတွင်းက ရေခွက်တခွက်စီခပ်ယူပြီး မြောက်ဘက် တောင်ထိပ်ဖျားပေါ်ကို လောင်းချလိုက်သတဲ့။ ဒီလိုလောင်းချရာကနေ ညာဘက်မှာ “မေခမြစ်” ဘယ်ဘက်မှာ “မလိခ” ဆိုပြီး ပေါ်လာခဲ့ပါတော့တယ်” လို့ ကချင်ရိုးရာပုံပြင်တပုဒ် ရှိခဲ့တယ်။
အဲဒီမြစ်နှစ်သွယ်ဟာ ဆက်လက်စီးဆင်းရင်း ချင်ခရန်ဂါအနီးမှာ ပေါင်းဆုံပြီး ဧရာဝတီအဖြစ် ဆက်လက်စီးဆင်းခဲ့ပါတယ်။ ကချင်တို့အတွက်တော့ ဧရာဝတီဟာ ကမ္ဘာလောကမှာ ပထမဆုံးသော ဖြစ်ပေါ်လာခဲ့တဲ့ တန်ဖိုးထားစရာ မြစ်တစင်းပါ။ တနိုင်ငံလုံးအတွက်ကတော့ အသက်သွေးကြောပေါ့။ တကယ်တော့ မြစ်ဆုံဆိုတာ ဧရာဝတီရဲ့အစ။ သဘာဝအလှအပတွေ ပေါင်းစုရာ။ စိမ်းမြမြ ရေကြည်ကြည်မှာ ကူးခတ်နေတဲ့ ငါးတွေ။ ဆေးကြိတ်ကျောက်တွေနဲ့ တင့်တယ်လွန်းတဲ့နေရာ။ ဒီနေရာကို အမှီပြုလို့ အသက်မွေးဝမ်းကြောင်း ပြုသူကလည်း မနည်းဘူး။ ဒီနေရာ ဒီမြစ်ပြင်က အစားအစာရတယ်။ နေစရာ အမိုးအကာတွေရတယ်။ သမိုင်းတလျှောက် ဒီရေဒီမြေအတွက် စစ်ခင်းခဲ့ရတယ်။ ခုခံခဲ့ရတယ်။ ကာကွယ်ခဲ့ရတယ်။ ကျူးကျော်စစ်ကြောင့် ပြည်သူတွေရဲ့သွေးတွေ၊ အသက်တွေ ဘဝတွေ များစွာ ပေးဆပ်ခဲ့သည်ပဲလေ။ ဒီတော့လည်း မြစ်ဆုံနဲ့ ဧရာဝတီဆိုတာ လူထုနှလုံးသားဖြစ်မယ်ဆို ဖြစ်လောက်စရာပဲ။
မင်းတုန်းမင်းရဲ့ စာချုပ်အယူအဆ
အခုတော့ မြစ်ဆုံမှာ အဖြစ်စုံ ခင်းပြစရာတွေ ဖြစ်လာခဲ့ပြီ။ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းတဲ့။ စာချုပ်ဆိုလည်း ပြည်သူမသိရ။ ချုပ်ဆိုစဉ်ကလည်း ပြည်သူ့သဘောထား မပါ။ စာချုပ်မှာ ဘယ်လိုအချက်တွေပါမှန်း ပြည်သူသိခွင့်မရခဲ့။ ဒီလို တနိုင်ငံလုံးအတွက် အရေးပါတဲ့ အထင်ကရ ကိစ္စရပ်တွေမှာ ကိုယ်ပိုင်ပစ္စည်းတခုလို လက်သိပ်ထိုး အရောင်းအဝယ် လုပ်သလိုမျိုးက မဖြစ်သင့်ဘူး။ နိုင်ငံတော်အပေါ်မှာ စစ်အုပ်စုလုပ်ပုံက မင်းတုန်းမင်းလောက်တောင် တိုင်းပြည်ချစ်ဟန်မရှိတာ တွေ့ရတယ်။ ဘာလို့လဲဆိုတော့ ပုဂံမင်းလက်ထက်မှာ ဒုတိယ အင်္ဂလိပ်-မြန်မာစစ် ဖြစ်တယ်။ စစ်ပြီးတော့ မင်းတုန်းက အာဏာသိမ်းလိုက်တာပေါ့။ အင်္ဂလိပ်တို့က စစ်ပြေငြိမ်းရေးစာချုပ်မှာ လက်မှတ်ထိုးဖို့ ပြောတော့ မင်းတုန်းက အကြိမ်ကြိမ်ငြင်းဆိုခဲ့တယ်။ နောက်ဆုံး ဖယ်ရာနဲ့ ဆွေးနွေးစဉ်မှာ…
ဖယ်ယာ - မဟာစာချုပ် ချုပ်တော်မူလျှင်၊ အဆွေခင်ပွန်း လက္ခဏာနဲ့ ပြည့်စုံမည်ဖြစ်၍ စာချုပ်သာ ကောင်းပါသည်။
မင်းတုန်းမင်း - ငါတို့ အဆွေခင်ပွန်းဝတ်နှင့် ပြည့်စုံအောင် ပြုရန်ရှိသည်။ ဖယ်ယာတို့က အဆွေခင်ပွန်းဝတ်နှင့်ညီအောင် ပြုမပြုကို ဖယ်ယာစဉ်းစားဦးတော့။ (တဖက်သတ်ချုပ်ဆိုသော စာချုပ်အဖြစ် ရည်ညွှန်းသည် - စာရေးသူ) စာချုပ်ဆိုသည့်အရာသည် တဦးအကျိုးရှိ၍ တဦးအကျိုးမရှိသည်ကို ချုပ်မြဲမဟုတ်။ နှစ်ဦးအကျိုးရှိမှ ချုပ်မြဲဖြစ်သည်” လို့ပြောပြီး မင်းတုန်းမင်းက ငြင်းပယ်ခဲ့တယ်။ ဒါ မင်းတုန်းမင်းရဲ့ စာချုပ်ဆိုင်ရာ အယူအဆပါ။
ဒါကြောင့် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲဟာ ဘာစာချုပ်မှမရှိဘဲ ပြီးဆုံးခဲ့တာပေါ့။ ဘာပဲဖြစ်ဖြစ် ကျူးကျော်စစ်ကို အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် မင်းတုန်းမင်းဟာ သူ့နိုင်ငံတော်အတွက် အသိအမှတ်မပြုဘဲ စာချုပ်ကို ငြင်းပယ်ခဲ့တဲ့ သူ့ရဲ့ နိုင်ငံချစ်စိတ်ဟာ စစ်ဘုရင်တွေထက် သာလွန်ကြောင်း အသိအမှတ်ပြုကြရမှာပါ။ အခု မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းရဲ့ အကျိုးရလဒ်မှာ လျှပ်စစ်ဓာတ်အားရဲ့ ၉၉ ရာခိုင်နှုန်းဟာ တရုတ်ကရယူမှာဖြစ်ပြီး ၁ ရာခိုင်နှုန်းသာ မြန်မာတို့ရမယ် ဆိုတာကတော့ မင်းတုန်းလို ပဒေသရာဇ်ဘုရင် တဦးလောက်တောင် နိုင်ငံတော်ကို ချစ်မြတ်နိုးကြရဲ့လားဆိုတာ စဉ်းစားစရာပါပဲ။ ကိုယ်ကျိုးစီးပွား မြတ်နိုးစိတ်ကပဲ ပိုနေသလား မသိတော့။
စီးပွားရေးသူလျှိုတို့လုပ်ရပ်
မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းက အခုတလော ပြန်လည်ပေါ်ပေါက်လာခဲ့ပြန်ပါတယ်။ မြစ်ဆုံဆိုင်ရာ အခြားသော အချက်အလက်တွေဖြစ်တဲ့ မြေငလျင်ပြတ်ရွေ့ကြော၊ ပတ်ဝန်းကျင်ထိန်သိမ်းရေး၊ ရေလွှမ်းဧရိယာ ဆိုတဲ့ အကြောင်းအချက်တွေကိုတော့ ပညာရှင်အသီးသီးက ဆွေးနွေးပြီးဖြစ်လို့ မပြောလိုတော့ပါဘူး။ ဒါပေမယ့် ဒီလျှပ်စစ်စီမံကိန်းပြီးရင် မြန်မာ့စီးပွားရေး ဘယ်လောက်အထိ တိုးတက်လာနိုင်တယ်ဆိုတဲ့ ပြောကြဆိုကြတာတွေ အပေါ်မှာတော့ ကျနော် သံသယရှိပါတယ်။ ဒါကလည်း လွန်ခဲ့တဲ့ အစောပိုင်းနှစ်တွေက ဖတ်ဖြစ်ခဲ့တဲ့ ဂျွန်ပါကင်စ် (John Perkins) ရဲ့ The New Confessions of An Economic Hit Man စာအုပ်ပါ။ ကော်ပိုရိတ်ကြီးတွေရဲ့ နည်းဗျူဟာ လုပ်ရပ်တွေကို သတိထားမိခဲ့လို့ပါ။ ဒီအကြောင်း အနည်းငယ်ပြောချင်တယ်။
ဒုတိယကမ္ဘာစစ်ပြီးတော့ အမေရိကန်တို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် ချမှတ်ထားတဲ့ လုပ်ရပ်တွေပါ။ ကမ္ဘာ့နိုင်ငံ အတော်များများကို ကျင့်သုံးခဲ့တာ။ အဓိက သူတို့လုပ်ရပ်က နိုင်ငံတနိုင်ငံရဲ့ စီးပွားရေးကနေ ဝင်ရောက်ခြယ်လှယ်နိုင်အောင် ကော်ပိုရိတ်ကြီးတွေကတဆင့် စွမ်းအင်စီမံကိန်းတွေကို ချပြပြီး စွမ်းအင်အသုံးချမှုကနေ နှစ် ဘယ်လောက်ဆိုရင် အဲ့ဒီနိုင်ငံရဲ့ စီးပွားရေးဟာ “ငှက်တကောင် ထပျံသလို” တဟုန်ထိုး တိုးတက်လာမှာဖြစ်ကြောင်း ခန့်မှန်းမှု အပိုတွက်ပြီး ချပြခဲ့တယ်။ အဲဒီနိုင်ငံက သူတို့ အပိုဆောင်းတွက်ပြတဲ့ စာရင်းတွေကို ယုံယုံကြည်ကြည် လုပ်ဆောင်လာပြီဆိုရင် အဲဒီနိုင်ငံ မွဲပြီသာမှတ်။ တကယ့်အရှိထက် နှစ်ဆသုံးဆ ပိုတွက်ထားတဲ့ စာရင်းတွေကပဲ အဲဒီနိုင်ငံကို ဆင်းရဲမွဲတေပြီး အကြွေးသံသရာ လည်စေတာကိုး။
အထူးသဖြင့် ရေအားလျှပ်စစ်စီမံကိန်းတွေမှာ အဓိက လုပ်လေ့ရှိစမြဲပါ။ ဒီနည်းနဲ့ အင်ဒိုနီးရှားဟာ အကြွေးတင်လို့ ဒုက္ခရောက်ခဲ့ဖူးပါတယ်။ သူတို့ရဲ့ မဟာဗျူဟာ ရည်မှန်းချက်က “တို့စီးပွားရေး ဖွံ့ဖြိုးမှုဆိုတဲ့ ကွန်ရက်ထဲ ရောက်ဖို့ပဲ။ နောက်ဆုံးမှာ သူတို့ဟာ အကြွေးဆိုတဲ့ ထောင်ချောက်ထဲ ရောက်ရှိသွားပြီး ငါတို့လိုသလို သုံးလာနိုင်မယ်။ ငါတို့လိုအပ်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးတွေမှာ အသုံးတည့်လာမယ်” လို့ ဂျွန်ပါကင်စ်က သူ စီးပွားရေးသူလျှိုသင်တန်း တက်စဉ်က အကြောင်းကို သူ့အမှာစာ (စာ-၁၃) မှာ ဖော်ပြထားတယ်။ တကယ်တော့ လျှပ်စစ်အသုံးပြုမှု ပမာဏဟာ စီးပွားရေးတိုးတက်မှုနဲ့ အချိုးညီရမှာပါ။ ဒါကို ပိုတွက်ထားတဲ့ ခန့်မှန်းချက်ကြောင့် တွက်ချေမကိုက်ဖြစ်ပြီး အကြွေးတင်ခဲ့တာ။
တရုတ်ရဲ့ CPI ဟာ ဂျွန်ပါကင်စ်တို့ရဲ့ လုပ်ရပ်မျိုးနဲ့ ကြွေးတင်နွံနစ်ရေး စီမံကိန်း ဖြစ်လေမလားဆိုတာ စဉ်းစားချင်စရာပါ။ အာဖရိကနိုင်ငံတွေရဲ့ ကြုံတွေ့ရမှုတွေ၊ လောလောလတ်လတ် သီရိလင်္ကာနိုင်ငံရဲ့ ရေနက်ဆိပ်ကမ်း ဖြစ်စဉ်တွေဟာ သင်ခန်းစာယူစရာပါပဲ။ မြစ်ဆုံကတော့ တရုတ်တို့အတွက် စွမ်းအင်လို့ဆိုပေမယ့် မြန်မာတို့အတွက်က အမျိုးသားလုံခြုံရေးအထိ ပြဿနာရှိလာပါတယ်။ မြစ်ဆုံရဲ့ ရေကာတာထိန်းချုပ်မှုကို ဘယ်သူချုပ်ကိုင်မလဲဆိုတာ အမျိုးသားလုံခြုံရေးအတွက် အရေးပါတဲ့ အချက်တွေ ဖြစ်နေပါတယ်။ စာချုပ်ပါ အချက်အလက်တွေကို ပြည်သူလူထု သိရှိခွင့်မရခဲ့ပေမယ့် ကိုယ့်နှလုံးသွေးကြောမကြီးကို ဖြတ်တောက်ပစ်သလို ဖြစ်နေမှာကိုတော့ မြန်မာနိုင်ငံသားတိုင်း စိုးရိမ်မယ်ဆိုလည်း စိုးရိမ်စရာပါပဲ။
အကယ်လို့များ မြစ်ဆုံဆိုင်ရာ ဆုံးဖြတ်ချက်မှာ လူထုဆန္ဒနဲ့ ဆန့်ကျင်တဲ့ ချွတ်ချော်မှုတွေ၊ တိမ်းစောင်းမှုတွေ ရှိလာမယ်ဆိုရင်တော့ “မြစ်ဆုံမှာ အချစ်ကုန်သွားလေမလား” လို့ စိုးရိမ်မိကြောင်းပါခင်ဗျား။ ။
ဆရာဋ္ဌေး
၁။ တိုက်စိုးရဲ့ ဧရာဝတီ
၂။ The New Confession of An Economic Hit Man By John Perkins တို့ကို ကိုးကားထားပါတယ်။