ချောက်မြို့ ကားကြီးကွင်း အရည်အသွေးမီဆောက်လုပ်ရန် ဝန်ကြီး ပြော
DVB
·
January 12, 2019
မကွေးတိုင်းဒေသကြီး ချောက်မြို့မှာ မြို့လိုအပ်ချက်အရ အကောင်ထည်ဖော်ဖို့ စီစဉ်နေတဲ့ ကာကြီးကွင်းကို ထောက်ခံတဲ့လူ ရှိသလို ကန့်ကွက်သူလည်း ရှိနေတဲ့အတွက် ဂရုစိုက်ဆောင်ရွက် ဖို့ တိုင်းဒေသကြီး အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဦးဇော်မင်းက ပြောပါတယ်။
“သိန်းပေါင်း လေးငါးထောင် အကုန်ခံလုပ်ပြီးတော့ ဘာမှလည်း အကျိုးမရှိဘူး။ မြို့ထဲမှာ အကျိုးရှိအောင် မလုပ်ဘဲ မြို့ပြင်ထွက်ပြီး ဘာလုပ်တာလဲ ဆိုတာတွေ ဖြစ်မလာအောင် အဲဒီတော့ ကော်မတီ ဆုံးဖြတ်ချက်ကို အများကြီး သတိထားပါ၊ အရည်အသွေး ညံ့အောင်မလုပ်ပါနဲ့ သေချာ မီအောင်လုပ်ပါ၊ အပြစ်ပြောမခံရစေနဲ့၊ ချောက်က နှစ်ဖွဲ့မဟုတ်ဘူး ငါးဖွဲ့လောက် ကွဲနေတာ။”
မြို့အတွက် တကယ်လိုအပ်တယ်လို့ လုပ်တာဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောပါတယ်။
“ကျနော်တို့မြို့ရဲ့ လက်ရှိကားကွင်းက ကျဉ်လည်းကျဉ်းတယ်။ ကားကွင်း အပြင်ထုတ်လိုက်ရင် ဈေးမှာဖြစ်နေတဲ့ လမ်းကြပ်တဲ့ ပြဿနာ၊ လူနေအိမ်တွေနဲ့ထိစပ်နေတဲ့ ပြန်ကျဈေး ပြဿနာ၊ ကားကွင်းအဟောင်းနေရာကိုလည်း ပြန်ကျဈေး ပြန်သုံးမယ် ရည်ရွယ်ထားလို့ ပိုအဆင်ပြေသွားမယ်။”
ချောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာ ဦးခိုင်ဇော်မိုးက “မြေအနေနဲ့ ၁၁.၂ ဧက ရရှိထားပြီးတော့ လုပ်ရမယ့် အနေအထားက တောင်ကုန်းတဖက် ချောက်တဖက် ကုန်းဖြို ချောက်ဖို့ လတ်တလော မြေနေရာ ဖော်ဆောင်ရေး ဦးစားပေးဆောင်ရွက်ရမှာဖြစ်ပြီးတော့ ဝန်ကြီးကလည်း သုံးစွဲစရိတ် တင်ထားတဲ့ သန်း (၁၅၀) ကို အကုန်မသုံးစေချင်ဘူး။ တိုင်းအစိုးရအဖွဲ့ကို စက်ယန္တရား ငှားပေးမယ်၊ ငွေပိုအောင်လုပ်၊ ပိုလာရင် မြို့ထဲက လမ်းတွေ ကောင်းကောင်းလုပ်မှာလား၊ ရေမြောင်းတွေ ကောင်းကောင်း လုပ်မှာလား၊ လုပ်လိုက်လို့ ညွှန်ကြားထားတယ်။ လောလောဆယ်တော့ မြေ ၅ ဧကကို ဒီ ၁၈-၁၉ ဘတ်ဂျက်မှာတော့ ပြီးနိုင်တယ်” လို့ ပြောပါတယ်။
အဝေးပြေးကားကြီးကွင်း မြေနေရာကို အကျယ် ၁၁ ဒသမ ဝ၂ ဧက ရှိ အမှတ် (၁၀) နယ်မြေ၊ အေးစေတီရပ်ကွက်၊ အရှေ့တောင် ကွင်းအမှတ် ၂၂၉၂ (ကျွန်းဖိုပင်ကွင်း) မှာ တည်ဆောက်မယ်လို့ သိရပါတယ်။
ကိုလင်း(ချောက်)