ချောက်မြို့၏အပူချိန် ယခင်တင်ခဲ့သည့် စံချိန်ထိရောက်ရှိလာ
DVB
·
April 26, 2019
မကွေးတိုင်း၊ ချောက်မြို့ရဲ့ အပူချိန်ဟာ ယခင်က စံချိန်တင်ထားခဲ့တဲ့ စံချိန်တင်အပူချိန် ၄၆ဒသမ ၄ ဒီဂရီစင်တီဂရိတ်ကို ဧပြီ ၂၅ ရက် ညနေ တိုင်းတာချက်အရ ရောက်ရှိနေပြီလို့ ချောက်မြို့ မိုးလေဝသနှင့် ဇလဗေဒတိုင်းတာရေးစခန်းက သိရပါတယ်။
ချောက်မြို့ မိုးလေဝသ စခန်းမှူး ဒေါ်ဆွေဇင်ဖြိုးက “ချောက်မြို့နယ် အပူချိန်ဟာ ၂၀၁၂ မေလပိုင်း အချိန်ကတကြိမ် ၂၀၁၆ ဧပြီလမှာ တကြိမ် အမြင့်ဆုံးအပူချိန် ၄၆.၄နဲ့ စံချိန်တင်ထားခဲ့ပြီး မနေ့က ညနေတိုင်းတာချက်အရ ၄၆.၄ ဒီဂရီစင်တီ ဂရိတ်ကို ရောက်ရှိနေလို့ အရင်တင်ထားတဲ့ စံချိန်ကို ရောက်သွားပြီ” လို့ ပြောပါတယ်။
အခုလို စံချိန်တင် အပူချိန်ရောက်ရှိလာတဲ့အတွက် မြို့နယ် ကျန်းမာရေး တာဝန်ရှိသူတဦးက “အခုချိန်ထိတော့ အပူကြောင့် ဆေးကုသမှု ခံရတဲ့လူနာ မရှိသေးပါဘူး၊ ချောက်က ၂၀၁၂ နဲ့ ၂၀၁၆ တွေမှာလည်း အပူဒဏ်ခံခဲ့ရဖူးလို့ ပြည်သူလူထုအနေနဲ့ အသိသတိရှိ သွားတယ်ပဲယူစရမှာပဲ။ အပူကြောင့် ဖြစ်တဲ့ဝေဒနာရှင် ခုချိန်ထိ မရှိသေးဘူး။” လို့ ပြောပါတယ်။
ချောက်မြို့နယ်ထဲမှာ အပူချိန်တွေ ဆက်တိုက်မြင့်တက်နေလို့ ဒေသခံ လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ တာဝန်ရှိသူတွေဟာ ကျန်းမာရေးဌာနနဲ့ ပူးပေါင်းပြီး မြို့ပေါ် ရပ်ကွက်တွေမှာ အပူရှောင်စခန်းတွေ ဖွင့်လှစ်ပေးထားပါတယ်။
သတင်း- ကိုလင်း(ချောက်)