ချောက်မြို့တွင် တရက်အတွင်း အပူချိန် ၂ ဒီဂရီခန့်မြင့်တက်
DVB
·
April 20, 2019
မကွေးတိုင်းဒေသကြီး ချောက်မြို့မှာ တရက်အတွင်း အပူချိန် ၂ ဒီဂရီ လောက် မြင့်တက်နေကြောင်း ချောက်မြို့နယ် မိုးလေဝသနှင့်ဇလဗေဒတိုင်းထွာရေးစခန်းက ပြောပါတယ်။
ချောက်မြို့အပူချိန်ဟာ မတ်လလလယ်ပိုင်းက ၄၂.၂ ဒီဂရီစင်တီဂရိတ်မှ ဧပြီလယ် ဒီနေ့အချိန်ထိ ၄၆ ဒီဂရီ စင်တီဂရိတ် နီးပါးမြင့်တက်နေပြီး ဧပြီ ၁၈ ရက်နေ့က အပူချိန် ၄၄ ဒီဂရီမှ ဧပြီ ၁၉ ရက်နေ့မှာ ၄၅.၈ အထိမြင့်တက်နေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ အပူချိန်အမြင့်ဆုံးမြို့တမြို့အဖြစ် ချောက်မြို့နယ်ဟာ ၂၀၁၂ မေလနဲ့ ၂၀၁၆ ဧပြီလတို့မှာ အပူချိန် ၄၆.၄ ဒီဂရီနဲ့ အမြင့်ဆုံး စချိန်တင်ထားခဲ့ပြီး အခုအချိန်မှာလည်း အမြင့်ဆုံးစံချိန် နားကပ်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။
အပူချိန်မြင့်တက်လာတဲ့အတွက် မြို့နယ်ကျန်းမာရေး ဦးစီးဌာနအနေနဲ့လည်း မြစ်ကမ်းနား ရပ်ကွက်တွေကို မနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ရေမချိုးဖို့ တားမြစ်တာနဲ့ အပူရှောင်ဖို့ နှိုးဆော်တာ၊ အသိပညာပေး လက်ကမ်းစာစောင်တွေ ပေးဝေထားတယ်လို့ သိပါတယ်။
အခုချိန်အထိတော့ အပူကြောင့်ဖြစ်တဲ့ ရောဂါဝေဒနာရှင် လာရောက်ကုသမှုမရှိသေးဘူးလို့ ချောက်မြို့နယ်ပြည်သူဆေးရုံး တာဝန်ကျ ဆရာဝန်ကပြောပါတယ်။
ကိုလင်း(ချောက်)