Homeမြန်မာသတင်း
မိုင်းပန်မြို့နယ်တွင် RCSS ရှမ်းတပ်ဖွဲ့နှင့် ပအိုဝ်း လက်နက်ကိုင်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွား
မိုင်းပန်မြို့နယ်တွင် RCSS ရှမ်းတပ်ဖွဲ့နှင့် ပအိုဝ်း လက်နက်ကိုင်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွား
DVB
·
December 25, 2018
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်၊ နားမွန်းကျေးရွာအုပ်စု၊ နောင်ချိုကျေးရွာအနီးမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) တို့ မနေ့ည ၈ နာရီက တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲနဲ့ပတ်သက်လို့ အမည်မဖော်လိုတဲ့ PNLA ဗိုလ်မှူးတဦးက “ကျနော်တို့အဖွဲ့ ကင်းလှည့်တာ သူတို့နဲ့ ထိပ်တိုက်တွေ့တော့ တိုက်ပွဲဖြစ်တာ ၄၅ မိနစ်ကြာ ဖြစ်ပွားတယ်။ ကျနော်တို့ဘက်က အကျအဆုံးမရှိဘူး” လို့ ပြောပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး RCSS/SSA အဖွဲ့ တောင်ကြီး ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးကြီး စိုင်းဦးကို ဆက်သွယ်မေးမြန်းရာ “အဲ့ဒါ ကျနော် မကြားသေးဘူး။ မသိသေးဘူး” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့ဒေသဟာ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (အန်စီအေ) အရ ကြားနယ်မြေဖြစ်ပြီး ဘယ်အဖွဲ့မဆို သွားလာလှုပ်ရှားနိုင်တဲ့ နယ်မြေဖြစ်ကြောင်း သိရပါတယ်။
ကောင်တန်ဒေသမှာရှိတဲ့ နောင်ချိုကျေးရွာဟာ ပအိုဝ်းတိုင်းရင်းသားတွေ အများစု နေထိုင်ကြတဲ့ ကျေးရွာဖြစ်ပါတယ်။
အစိုးရနဲ့ အန်စီအေ အပစ်ရပ်လက်မှတ် ရေးထိုးထားတဲ့ RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးအဖွဲ့နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLA) တို့ဟာ အောက်တိုဘာလကလည်း မိုင်းပန်မြို့နယ် ပန်ပီးဒေသမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ခွန်ရာဇာ