Home
မြန်မာသတင်း
မြေလွတ်မြေလပ်မြေရိုင်းဥပဒေ ပယ်ဖျက်ပေးရန် ကေအန်ယူ တောင်းဆို
DVB
·
December 16, 2018
ground
ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို အလေးထားခြင်းမရှိတဲ့ မြေလွတ်မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပယ်ဖျက်ပေးဖို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ ဒီဇင်ဘာ ၁၅ ရက်ထုတ်ပြန်ချက်မှာ အစိုးရက ၂၀၁၈ ခုနှစ်၊ စက်တင်ဘာအတွင်း အတည်ပြုခဲ့တဲ့ မြေလွတ်မြေလပ်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေဟာ အရင်အစိုးရအဆက်ဆက် ကျင့်သုံးခဲ့တဲ့ တင်းကျပ်တဲ့ ဗဟိုချုပ်ကိုင်မှုပုံစံ ဖြစ်နေတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါ့အပြင် အဲ့ဒီဥပေဒဟာ ကရင်အမျိုးသားအစည်းအရုံးရဲ့ မြေယာမူဝါဒ၊ ကရင်တမျိုးသားလုံးရဲ့ သဘောထားနဲ့ ကိုက်ညီမှု မရှိတဲ့အပြင် ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေး၊ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စံချိန်စံညွှန်းတွေကို အလေးထားခြင်း မရှိဘူးလို့လည်း ကေအန်ယူထုတ်ပြန်ချက်က ဆိုပါတယ်။ ဒီဥပဒေကြောင့် ယုံကြည်မှုတည်ဆောက်ရေး၊ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းတွေကိုပါ ထိခိုက်စေတယ်လို့ ကေအန်ယူ ကြေညာချက်မှာ ဖော်ပြပါတယ်။ ပြည်ထောင်စုအစိုးရ ပြင်ဆင်ခဲ့တဲ့ မြေလွတ်မြေလပ်မြေရိုင်း စီမံခန့်ခွဲရေးဥပဒေအရ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၆ ရက်က ကေအန်ယူနဲ့ အစိုးရအကြား ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူဆုံးဖြတ်ချက် အမှတ် ၉၊၁၀၊၁၁ အပြင် အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား သဘောတူလက်မှတ်ရေးထိုးထားတဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အန်စီအေ အခန်း ၃ အပိုဒ် ၉ ပါ အရပ်သားများကို ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအချက်များနဲ့ အခန်း ၆ အပိုဒ် ၂၅ က (၁)တို့ကို ချိုးဖောက်နေတယ်လို့လည်း ဖော်ပြပါရှိပါတယ်။ ဒါကြောင့် ပြဿနာနဲ့ ပဋိပက္ခတွေကို ပိုပြီး ဖြစ်ပွားစေမယ့် မြေလွတ်မြေလပ်နဲ့မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပယ်ဖျက်ပေးပါလို့ ကေအန်ယူက တောင်းဆိုလိုက်ပါတယ်။ အငြင်းပွားဖွယ်ရာ ဒီဥပဒေကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တည်ဆောက်ဖို့ ၀ိဝါဒကွဲပြားစေလို့ ဥပဒေပြုလွှတ်တော်များအနေနဲ့ အန်စီအေကို အခြေခံတဲ့ နိုင်ငံပြန်လည်တည်ဆောက်ရေးဆိုင်ရာ အခြေခံတွေကို ဦးတည်တဲ့ ဥပဒေတွေကို စတင်ပြဋ္ဌာန်းဖို့လိုပြီလို့လည်း ကေအန်ယူက ဆိုပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကလည်း အရပ်ဘက်အဖွဲ့အစည်း ၃၀၀ ကျော်က မြေလွတ်မြေလပ်မြေရိုင်းစီမံခန့်ခွဲရေးဥပဒေ ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ကြပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013