ရသေ့တောင်နှင့် ဘူးသီးတောင်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် တိုက်ပွဲဖြစ်ပွား
DVB
·
December 8, 2018
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်တို့မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တို့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
ဒီဇင်ဘာလ ၈ ရက်နေ့ မနက် ၉ နာရီလောက်ကစပြီး ၁၀ နာရီကျော်လောက်အထိ ဘူးသီးတောင်မြို့နယ် နဲ့ ရသေ့တောင်မြို့နယ် ရေစိုးချောင်း တောတွင်းမှာ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီးသံနဲ့ လက်နက်ငယ်သံတွေ ကြိုးကြားကြိုကြား ကြားခဲ့ရတယ်လို့ ဘူးသီးတောင်မြို့နယ် ကျောက်ရံကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစံမောင်က ပြောပါတယ်။
ရသေ့တောင် ဘူးတောင်ကားလမ်းကတော့ ပိတ်မထားဘဲ လမ်းတလျှောက်တော့ လုံခြုံရေး ချထားတယ်လို့ ဦးစံမောင်က ပြောပါတယ်။ ကျောက်ရံတိုင်းရင်းသားရွာမှာ အိမ်ခြေ ၃၀ ကျော်ရှိပြီး လူဦးရေ ၂၀၀ လောက်ရှိပါတယ်။
“ရွာသူရွာသားတွေ အလွန်စိုးရိမ်နေကြတယ်။ ရွာအနားမှာလည်း မိုင်တွေ ပေါက်သွားပြီး တောထဲကိုလည်း မသွားရဲကြဘူး။ သေနတ်သံတွေကတော တောတွင်းဘက်ကနေ အမျာကြီးကြားရတယ်” လို့ ပေါက်တူးပေါက်မွတ်ဆလင်ကျေးရွာ အုပ်ချူပ်ရေးမှူးက အတည်ပြုပြောပါတယ်။
မြေပုံမြို့နယ် ယောချောင်းတံတားအနီး ရန်ကုန်-စစ်တွေကားလမ်းပေါ်မှာ ဒီဇင်ဘာ ၇ ရက် ညနေပိုင်းကလည်း ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီပေါက်ကွဲမှုဟာ မြေပုံမြို့နယ် ယောချောင်းတံတားအနီးမှာ ဖြစ်ခဲ့တာလို့ မြေပုံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဒီဗွီဘီကိုပြောပါတယ်။
“ပေါက်ကွဲမှု နှစ်ကြိမ်ကြားလိုက်တယ်လို့ ပြောကြတယ်။ မနေ့က ၅ နာရီခွဲလောက်ကပေါ့။ ပြီးတော့ စစ်ကားတွေလည်း ဖြတ်သွားကြတယ်။ တချို့ကျတော့ ဒဏ်ရာ ရထားတာတွေ မြင်လိုက်တယ်လို့ပြောကြတယ်။ ဒါပေမယ့် အတိအကျမြင်တဲ့သူတော့ မရှိဘူး။ ဘယ်လိုဖြစ်တယ်ဆိုတာကို တိတိကျကျတရားဝင်ထုတ်ပြန်ထားတာ မရှိသေးဘူး။ ပေါက်ကွဲမှု ဖြစ်တာကတော့မှန်တယ်။ ဘယ်လိုဖြစ်တယ်၊ ဘာကြောင့်ဖြစ်တယ်၊ ဘယ်သူလုပ်တယ် ဆိုတာကတော့ အတိအကျ မသိသေးဘူး။ အဲဒီမှာတော့ ရဲတပ်ဖွဲ့တွေ တပ်မတော်သားတွေကို ဒီကနေ့ မနက်ပိုင်းမှာ လုံခြုံရေးတွေ ဘာတွေ အကုန်ရောက်နေပြီ ကြားတယ်။”
ဒီပေါက်ကွဲမှုကြောင့် တပ်မတော်သားတချို့ ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောဆိုတာရှိပေမယ့် အတည်ပြုလို့တော့မရသေးပါဘူး။ ဒါနဲ့ပတ်သက်လို့ မြေပုံမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြေပုံရဲစခန်းကို ဒီဗွီဘီက ဖုန်းအကြိမ်ကြိမ် ခေါ်ဆိုခဲ့ပေမယ့် ပြန်လည်ဖြေဆိုခြင်းမရှိခဲ့ပါဘူး။