ပြည်မြို့တွင် ဘောလုံးလိုက်ဆယ်ရာမှ ကလေး ၂ ဦးရေနစ်၊ ၁ ဦးသေဆုံး
DVB
·
November 16, 2018
ပြည်မြို့ ဧရာဝတီမြစ်ထဲမှာ ဘောလုံးကျသွားလို့ လိုက်ဆယ်တဲ့ ကလေး ၂ ယောက် ရေနစ်ပြီး တယောက် သေဆုံးသွားတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၆ ရက်နေ့ မနက် ၁၀ နာရီကျော်လောက်က ပြည်မြို့ ကမ်းနားလမ်း၊ ပန်းခြံဘေးက မြေကွက်လပ်မှာ ကျောင်းသား ၄ ယောက် ဘောလုံးကန်ရင်းနဲ့ ဘောလုံးက ရေထဲကျသွားတာကို လိုက်ဆယ်ရင်းနဲ့ ကျောင်းသား ၂ ယောက် ရေနစ်ခဲ့တယ်လို့ ကမ်းနားမှာ အဝတ်လျှော်နေသူတယောက်က ပြောပါတယ်။
ရေနစ်နေတဲ့သူ ၂ ယောက်ကို ကမ်းနားမှာ ငါးမျှားနေတဲ့ မောင်ဟာဆန် ဆိုတဲ့ လူငယ်လေးက လိုက်ဆယ်ယူရာ ပထမ ၂ နှစ်ယောက်လုံး ပါလာခဲ့ပြီးနောက် ကလေးတယောက် လက်ထဲက လွတ်ထွက်ပြီး ပျောက်ဆုံးခဲ့တာလို့ ပြောပါတယ်။
ရေထဲ ပျောက်ဆုံးသွားသူ မောင်ကောင်းကောင်း (ခေါ်) မောင်ကောင်းခန့်သာက ပြည်မြို့ အထက ၁ က ၈ တန်းကျောင်းသား ဖြစ်ပြီး ဆံတော်ရပ်ကွက်၊ ဘုရားနီလမ်းမှာနေထိုင်ပါတယ်။
ကယ်ဆယ်လိုက်နိုင်တဲ့ ကလေးကတော့ နဝင်းရပ်ကွက်ကဖြစ်ပြီး ၅ တန်းကျောင်းသားဖြစ်တယ်လို့  အထက ၁ ကျောင်းအုပ်ဆရာမကြီးထံက သိရပါတယ်။
နောက်ဆက်တွဲသတင်းအရ နေ့လယ် ၂ နာရီ ထိုးမှာ ရေနစ်ပျောက်ဆုံးနေသူ မောင်ကောင်းကောင်းရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သိရပါတယ်။
မင်းညို