မွန်ပြည်နယ်တွင် ဆောင်းသီးနှံ ချေးငွေယူသူ နည်းပါးနေ
DVB
·
November 15, 2018
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တောင်သူတွေအတွက် ဆောင်းရာသီ စိုက်ပျိုးစရိတ် ချေးငွေတွေကို အခုနှစ်မှာ တိုးမြှင့်ထုတ်ချေးပေးသွားမယ်လို့ ကြေညာထားပေမယ့် ချေးငွေထုတ်ယူသူ နည်းပါးနေသေးတယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မွန်ပြည်နယ်) မှ သိရပါတယ်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မွန်ပြည်နယ်) ညွှန်ကြားရေးမှူး ဦးကျော်စွာလှိုင်က “အရင်တုန်းက စပါးမဟုတ်တဲ့ ဆောင်းသီးနှံ ပဲ၊ နှမ်း၊ ပြောင်း၊ နှမ်းဝါတွေကို ၁ ဧက ၅ သောင်း နှုန်းနဲ့ ထုတ်ချေးခဲ့ပေမယ့် ဒီနှစ်မှာတော့ ၁ သိန်းအထိ ထုတ်ချေးပေးမှာပါ။ ဆန်စပါးကိုတော့ အရင်အတိုင်း ၁ သိန်းခွဲ ထုတ်ချေးတယ်။ ဒီလထဲမှာလည်း ထုတ်ချေးပေးနေတယ်။ နောက်ဆုံး သတ်မှတ်ရက် ဒီဇင်ဘာလကုန်အထိ ထုတ်ချေးပေးတယ်” လို့ ပြောပါတယ်။
မွန်ပြည်နယ်မှာ ဆောင်းသီးနှံချေးငွေကို အောက်တိုဘာ ၂၆ ရက်က စတင် ချေးငွေထုတ်ပေးခဲ့ပေမယ့် လက်ရှိအချိန်ထိ ထုတ်ချေးမယ့် ချေးငွေပမာဏရဲ့ ၅ ရာခိုင်နှုန်းသာ ရှိသေးတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာလကုန်အထိ ချေးငွေထုတ်ယူနိုင်ပြီး လယ်ယာသုံးပစ္စည်းတွေအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ချေးငွေ အစီအစဉ်နဲ့ ဝယ်ယူနိုင်တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် အရင်က တောင်သူတွေအနေနဲ့ ဆောင်းသီးနှံအတွက် ချေးငွေထုတ်ယူမယ်ဆိုပါက အရင်ချေးယူထားတဲ့ချေးငွေ (မိုးသီးနှံချေးငွေများ) ကျေအောင်ဆပ်ပြီးမှသာ ထပ်မံချေးငွေယူခွင့် ပြုခဲ့ပေမယ့် အခုနှစ်မှာ ပြင်ဆင်ပြောင်းလဲထားပါတယ်။
ညွှန်ကြားရေးမှူး ဦးကျော်စွာလှိုင်က “တောင်သူလယ်သမားတွေမှာ ပုံစံ (၇) တရွက်ပဲရှိမယ်။ အဲ့ဒီပုံစံ (၇) မှာ မိုးသီးနှံလည်း စိုက်တယ်။ ဆောင်းသီးနှံလည်း စိုက်မယ်ဆိုရင် ပထမချေးထားတဲ့ ချေးငွေကို ကျေအောင်ဆပ်ပြီးမှ ဆောင်းချေးငွေ ချေးရမယ်ဆိုတဲ့ အနေအထားကနေ ဒီနှစ်မှာ ထူးခြားတာက ပုံစံ (၇) တရွက်တည်းမှာပဲ မိုးစိုက်တဲ့ မြေဧကပေါ်မှာ ဆောင်းသီးနှံစိုက်မယ်ဆိုရင် မိုးချေးငွေ မကျေလည်း ချေးယူခွင့်ရသွားပြီ” လို့ ပြောပါတယ်။
မွန်ပြည်နယ်က တောင်သူတွေအနေနဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေ ပြန်လည်ဆပ်ရာမှာ တခြား ပြည်နယ်နဲ့တိုင်းတွေက တောင်သူတွေထက် တာဝန်ပိုကျေပွန်တဲ့အတွက် လေးစားစရာကောင်းပြီး အခုနှစ်မှာ နိုင်ငံတော်က အနိမ့်ဆုံး စပါးဈေးကို ကျပ် ၅ သိန်းဝန်းကျင် သတ်မှတ်ပေးထားတဲ့အတွက် တောင်သူတွေ ပိုမိုအဆင်ပြေလာနိုင်တယ်လို့လည်း ပြောပါတယ်။
အာကာမင်း