Home
မြန်မာသတင်း
လေဖိအားနည်းရပ်ဝန်း ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်
DVB
·
November 10, 2018
weather
ဒီနေ့မနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ကပ္ပလီပင်လယ်ပြင်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အနောက်-အနောက်မြောက်ဘက်ကို ရွေ့လျားပြီး ပိုမိုအားကောင်းလာကာ နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့ ညနေပိုင်းအထိ ခန့်မှန်းချက်အရ တနင်္သာရီတိုင်းဒေသကြီးမှာ နေရာအနှံ့အပြား၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးရွာသွန်းမယ်လို့ ဆိုပါတယ်။ နေပြည်တော်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းဒေသကြီးတို့နဲ့ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် တောင်ပိုင်း)၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမယ်လို့ ခန့်မှန်းထားပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ သာယာပြီး၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမှာ ဖြစ်ပါတယ်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါတယ်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၈ ပေကနေ ၁၀ ပေလောက်၊ ရခိုင်ကမ်း ရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၅ ပေကနေ ၇ ပေလောက် ရှိနိုင်ပါတယ်။ နေပြည်တော်နဲ့ ရန်ကုန်မြို့ အနီးတ၀ိုက်တွေမှာတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင် ပြီး မန္တလေးမြို့နဲ့အနီးတ၀ိုက်မှာတော့ သာယာမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013