Home
မြန်မာသတင်း
တီဘီရောဂါသည်တွေ့ရှိပါက မဖြစ်မနေသတင်းပို့ရန် ကျန်းမာရေးဌာန တိုက်တွန်းနှိုးဆော်
ရွှေအောင်
·
November 9, 2018
download
အထွေထွေရောဂါကု ဆရာဝန်တွေအနေနဲ့ တီဘီရောဂါ လူနာတွေ့ရင် မဖြစ်မနေ အကြောင်းကြားကြဖို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ၂၀၁၇ ခုနှစ် အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း နှစ်ပတ်လည်လုပ်ငန်းဆန်းစစ်aဆွးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားမှာ တိုက်တွန်းလိုက်တာပါ။ “တီဘီရောဂါ ထိန်းချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အထွေထွေရောဂါကု ဆရာဝန် တွေရဲ့ အခန်းကဏ္ဍဟာ အင်မတန်အရေးကြီးပါတယ်။ တီဘီလူနာတွေ့ရင် မဖြစ်မနေ အကြောင်းကြားဖို့  (Mandatory TB case Notification) အမိန့်ကြော်ငြာဟာ ၂၀၁၈-ခုနှစ်၊ စက်တင်ဘာလက ထွက်ရှိနေပြီဖြစ်လို့ အားလုံးက ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။” တီဘီနဲ့ အိပ်ခ်ျအိုင်ဗွီ ပူးပေါင်းကုသတဲ့ လုပ်ငန်းကို  ၂၀၁၅ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ တနိုင်ငံလုံးရှိ မြို့နယ်အားလုံးကို လွှမ်းခြုံဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်တယ်လို့လည်း ၀န်ကြီးက ပြောပါတယ်။ ဒါ့အပြင် ဆေးယဉ်ပါးတီဘီရောဂါ ရှာဖွေတွေ့ရှိသူအားလုံးရဲ့ ဆေးကုသပေးနိုင်မှု လိုအပ်ချက်ကို ၂၀၁၂ ခုနှစ်တုန်းက ၄၃ ရာခိုင်နှုန်း ရှိရာကနေ  ၂၀၁၇ ခုနှစ်မှာ ၁၇ ရာခိုင်နှုန်းကို လျှော့ချနိုင်ခဲ့တယ်လို့လည်း ၀န်ကြီးက ပြောပါတယ်။ နိုဝင်ဘာ ၈ ရက်က နေပြည်တော်မှာလုပ်ခဲ့တဲ့ အမျိုးသားတီဘီရောဂါဆိုင်ရာဆွေးနွေးပွဲမှာ  ပြည်နယ်၊ တိုင်းဒေသကြီးအသီးသီးက တီဘီရောဂါဆိုင်ရာတာဝန်ခံ ဆရာဝန်ကြီးတွေက မိမိတို့ ဒေသအလိုက် တီဘီရောဂါနဲ့ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ  ဆန်းစစ်သုံးသပ်ချက်တွေကို ဆွေးနွေးတင်ပြခဲ့ကြတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တီဘီရောဂါဆိုင်ရာ တာဝန်ရှိသူတွေကလည်း တီဘီရောဂါနဲ့ ပတ်သက်လို့  ဆွေးနွေးတင်ပြခဲ့ကြတယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013