Home
မြန်မာသတင်း
ဆေးဝါးများ အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသေးဟု ကျန်းမာရေးဌာန ထုတ်ပြန်
DVB
·
April 11, 2018
Ministry of Health and Sport
ဆေးဝါးများကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးဘဲ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဧပြီ ၁၀ ရက်က မြောင်းမြမြို့မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ကျန်းမာရေးပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆေးဝါးတွေပိုနေလို့ Expire ဖြစ်နေတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ ဝေဖန်မှုတွေ အကြီးအကျယ် ထွက်ပေါ်ခဲ့ပြီးတဲ့နောက် ကျန်းမာရေးဌာနက အခုလို ထုတ်ပြန်တာပါ။ သတင်းထုတ်ပြန်ချက်ထဲမှာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနအောက်ရှိ ဆေးရုံတွေ ဒေသန္တရ မိခင်ကလေး ကျေးလက်ကျန်းမာရေးဌာနတွေမှာ  မရှိမဖြစ် သုံးစွဲရမယ့် ဆေးဝါးတွေကို ဆေးရုံ ကျန်းမာရေးဌာန အဆင့်အလိုက်အဖြစ် အများဆုံးရောဂါတွေအပေါ် မူတည်ပြီး ကျွမ်းကျင်သူတွေ ပါမောက္ခဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ပြီး တင်ဒါစနစ်နဲ့ ဝယ်ယူ ဖြန့်ဖြူးပေးခဲ့တယ်လို့ ဆိုပါတယ်။ အစိုးရအနေနဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကို ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ကျပ်သန်းပေါင်း ၈၈၁,၇၆၉.၁၁၄၊ ၂၀၁၇-၁၈ဘဏ္ဍာနှစ်မှာ ကျပ်သန်းပေါင်း ၁,၁၁၆,၅၅၇.၀၉၂ကို ခွင့်ပြုပေးခဲ့တယ်။ အဲ့ဒီငွေတွေထဲက ဆေးဝါးတွေဝယ်ယူဖို့ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ကျပ်သန်းပေါင်း ၁၄၉,၂၉၅.၆၉၀၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ကျပ်သန်းပေါင်း ၁၆၈၈၂၂.၉၃၀ကို သုံးစွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ငှက်ဖျား၊ တီဘီ၊ HIV၊ ဆင်ခြေထောက်ရောဂါ၊ အနာကြီးရောဂါစတဲ့ ရောဂါ ကင်းဝေးရေးစီမံချက်တွေအတွက် လိုအပ်တဲ့ ဆေးဝါးတွေနဲ့ ကာကွယ်ဆေးတွေကို ကမ္ဘာ့ရန်ပုံငွေ အဖွဲ့၊ ကုသမဂ္ဂအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအလှူရှင်အဖွဲ့အစည်းတို့ကနေ လုံလောက်စွာ ထောက်ပံ့ပေးခဲ့လို့  အခမဲ့ကုသပေးနေတယ်၊ ဒါပေမယ့် အဖြစ်နည်းတဲ့ ရောဂါတွေအတွက် ဆေးဝါးတွေ၊ ကုန်ကျစရိတ်ကြီးမားတဲ့ ဆေးဝါးတွေ၊ မူရင်းဆေးဝါးကုမ္ပဏီက ထုတ်လုပ်တဲ့ ဆေးဝါးတွေ၊ လူနာတစ်ဦးချင်းရဲ့ ရောဂါအပေါ်မူတည်ပြီး အခြားထပ်မံလိုအပ်တဲ့ ဆေးဝါးတွေကို တော့ ဝန်ကြီးဌာနအနေနဲ့ အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးပေမယ့် အတတ်နိုင်ဆုံးဖြည့်ဆည်းပေးနေတယ်လို့  ကျန်းမာရေးဝန်ကြီးဌာနသတင်းမှာ ဖော်ပြပါတယ်။ ဒါ့အပြင် ဌာနအနေနဲ့ အသည်း၊ ကျောက်ကပ်၊ ရိုးတွင်းခြင်ဆီအစားထိုး၊ အချို့ ကင်ဆာရောဂါတွေ ကုသမှုအတွက် ဆေးဝါးတွေကိုလည်း အပြည့်အဝထောက်ပံ့မှု မပေးနိုင်သေး လို့ ထောက်ပံ့ပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013