ပြည်နှင်ခံ သတင်းစာသမား (သုတကဖေး)
DVB
·
November 7, 2018
ကြာတော့ကြာခဲ့ပါပြီ။ ကိုလိုနီခေတ်က ဖြစ်ရပ်လေးတခုပါ။ ကိုလိုနီခေတ်ကဖြစ်ရပ် ဆိုပေမယ့် မြန်မာသမိုင်းမှာ ပထမဆုံး သတင်းစာဆရာများထဲက အစိုးရရဲ့ အရေးယူခြင်းကို ခံရသူဖြစ်လို့လည်း မှတ်တမ်းတင်ခဲ့ကြပါတယ်။ မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၁ မှာလည်း သူ့အကြောင်း မှတ်တမ်းတင် ဂုဏ်ပြုခဲ့ပါတယ်။ သူကတော့ “မြန်မာ့အလင်းသတင်းစာ” ရဲ့ ဖခင်ကြီး ဦးရွှေကြူးပဲဖြစ်တယ်။
[caption id="attachment_298439" align="alignright" width="272"] ဓာတ်ပုံ - Wikipedia[/caption]
ဦးရွှေကြူးနဲ့ပတ်သက်လို့ ဆရာဇော်ဂျီက “ဦးရွှေကြူးသည်၊ မြန်မာနိုင်ငံ၌ ၁၉၀၀ ပြည့်နှစ်လောက်မှစ၍ မြန်မာသတင်းစာလောကနှင့် စာပေလောကတို့၌ ထင်ရှားသော ခေတ်မီပုဂ္ဂိုလ်ဖြစ်၍ မြန်မာစာပေ အင်္ဂလိပ်စာပေ နှစ်ရပ်လုံး တတ်ကျွမ်းသည်သာမက မိမိတတ်ကျွမ်းသမျှကိုလည်း မြန်မာသတင်းစာဆရာတဦးအဖြစ်ဖြင့် သတင်းစာ မဂ္ဂဇင်းတို့၌ ရေးသား၍ တိုင်းပြည်မျက်စိ ဖွင့်ပေးခဲ့သူဖြစ်သည်” လို့ ဂုဏ်ပြုချီးမွမ်းခဲ့ပါတယ်။
ဆရာဇော်ဂျီအဆိုနဲ့အညီ ဂုဏ်ပြုမှတ်တမ်းတင်ထိုက်သူတဦးပင်။ မြန်မာမဂ္ဂဇင်းလောက သတင်းစာလောကတို့သာမက မြန်မာပညာသင်ကြားရေးအတွက် အထောက်အကူပြုမယ့် ပညာရေးပြုပြင်မှုကိုလည်း ဆရာကြီးဦရွှေကြူး လုပ်ဆောင်ခဲ့တာတွေ ရှိပါတယ်။ မြန်မာပညာရေးက ပဒေသရာဇ်ခေတ်ကစပြီး ဘုန်းကြီးကျောင်းသင် ပညာရေး ဖြစ်တဲ့အတွက် သမာဓိဆယ်စောင်တွဲ ငါးစောင်တွဲတွေနဲ့ သင်ကြားရတော့ စာသင်သားအတွက် ခေတ်မမီသလို ပိုခက်ခဲလာတဲ့အတွက် ဒေါင်းတံဆိပ်ဖတ်စာကို တီထွင်ထုတ်ဝေခဲ့တယ်။ “ဗူးသီးနုနုမခူးရ။ ငါ၏ ဒူးနာ၏။ ဘဦး ရေကူးနေသည်။” အစရှိတဲ့ ဖတ်စာအုပ်ကို သူငယ်တန်းကနေ သတ္တမတန်းအထိ ဆရာဦးလင်းနဲ့အတူ ပြုစုပြီး ထုတ်ဝေခဲ့တယ်။
ဒါနဲ့ပတ်သက်ပြီး ဒေါင်းတံဆိပ်ဖတ်စာသင်ရိုးနဲ့ ပတ်သက်ပြီး မောင်ခင်မင် (ဓနုဖြူ) က “သင်ပုန်းကြီးလို စာလုံးပေါင်းတွေ တခါတည်းသင်တာ မဟုတ်ဘူး။ ဗျည်း သရတွဲတွေကတဆင့် သင်ပြီးရင် အဲ့ဒီစာလုံးပေါင်းတွေချည်းပါတဲ့ ဖတ်စာကိုပါ တဆက်တည်းသင်တယ်။ ပြီးမှ တဆင့်ပြီးတဆင့် ပုံအတိုင်းသင်သွားတာ” လို့ ဒေါင်းတဆိပ်နဲ့ ခြင်္သေ့တံဆိပ် ဖတ်စာအကြောင်း ပြောခဲ့ဖူးတယ်။ ဒါက ဒေါင်းတံဆိပ်ဖတ်စာ သင်ရိုးသစ်ကို ဦးရွှေကြူးနဲ့ ဆရာပွားတို့ စခဲ့ပြီး ပညာရေးသက်ရောက်မှုအကြောင်းပါ။
လွတ်လပ်ရေးကြိုးပမ်းမှုနဲ့ ပတ်သက်လို့ကတော့ ဆရာဇေယျကတော့ “မြန်မာများသည် ကိုလိုနီစနစ်အောက်သို့ ကျရောက်ကြပြီးနောက် ထိုစနစ်အောက်မှ ရုန်းကန်၍ လွတ်လပ်ရေးကို ကြိုးပမ်းရာတွင် စောစောပိုင်း ရှေ့ပြေးတပ်ဦးတွင် ဦးရွှေကြူးသည် ထင်ရှားစွာ ပါဝင်ခဲ့သော ပုဂ္ဂိုလ်တဦး ဖြစ်သည်။” လို့ မှတ်ချက်ချခဲ့ပါတယ်။ မှန်ပါတယ်။ ဦးရွှေကြူးကို လေ့လာကြည့်ရင် သူဟာ ပညာတတ်တဦးဖြစ်ခဲ့သလို နိုင်ငံအကျိုးကို လိုလားသူလည်းဖြစ်တယ်။ ရွှေကြူးပုံနှိပ်တိုက်ထောင်ပြီး ပိဋကတ်သုံးပုံကိုလည်း ပြန်ဆိုထုတ်ဝေခဲ့တယ်။ “မြန်မာ့အလင်းမဂ္ဂဇင်း” ကို ၁၉၁၂ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့တယ်။ စံပြတင်ဦးဆိုသူကတော့ “မြန်မာ့အလင်းမဂ္ဂဇင်း” ဟူသော အမည်နှင့်အညီ ခေတ်နှင့်အညီ မြန်မာတို့ တိုးတက်ကြီးပွားအောင် ဉာဏ်သစ်လောင်းပေးသော နည်းများပါရှိသည့် မဂ္ဂဇင်းဖြစ်သည်” လို့ ပြောခဲ့ပါတယ်။
ပထမကမ္ဘာစစ်ကြီးဖြစ်တော့ “မြန်မာ့အလင်း စစ်ကြေးနန်းသတင်း” အမည်နဲ့ သတင်းလွှာတစောင်ကို ထပ်မံထုတ်ဝေခဲ့တယ်။ စစ်ကြေးနန်းသတင်းမှာ ဂျာမန်ကိုင်ဇာဘုရင်အကြောင်း ဂျာမန်တို့အကြောင်း သိကောင်းစရာတွေကိုပါ ထည့်သွင်းရေးသားခဲ့တယ်။ သူကိုယ်တိုင်ကလည်း ဂျာမန်ကုမ္ပဏီ ဂျာမန်စီးပွားရေးသမားတွေနဲ့ ကျင်လည်ခဲ့ဖူးတာကိုး။ အင်္ဂလိပ်ဘက်က ကြည့်တော့လည်း ဂျာမန်က သူ့ရန်သူ။ ဒီတော့ ဦးရွှေကြူးကို မျက်မုန်းကျိုးမယ်ဆိုလည်း ကျိုးပေမပေါ့။ ဆရာဇေယျကတော့ “စစ်ကြေးနန်းသတင်းကြောင့် တပြည်လုံး တောရောမြို့ပါမကျန် နိုးကြားထကြွ လှုပ်လှုပ်ရွရွ ဖြစ်လာသဖြင့် ထိုစဉ်က အစိုးရများ ထိတ်လန့်လာ၍ ရွှေကြူးသတင်းစာကို မျက်စောင်းထိုးလာကြလေသည်။” လို့ မှတ်ချက်ပေးခဲ့တယ်။
၁၉၁၅ မတ်လ ၁၅ ရက်နေ့ကစပြီး “မြန်မာ့အလင်းသတင်းစာ” ဆိုပြီး စတင်ထုတ်ဝေခဲ့တယ်။ ထုတ်ဝေပြီး မကြာမီမှာ “မတ်လ ၁၅ ရက်နေ့ သတိပြု” ဆိုတဲ့ ကြော်ငြာအတွက် ပြဿနာတက်ခဲ့တယ်။ စုံထောက်ဌာနက လျှို့ဝှက်သတင်း ပေါက်ကြားတယ်ဆိုပြီး အရေးယူဖို့ လုပ်တယ်။ ဖြစ်ပုံက အဲ့ဒီအချိန်ထိ ရွှေတိဂုံမှာ စစ်တပ်က နေရာယူထားတာ။ ရွှေတိဂုံတပ်စောင့် ရှိတ်စစ်သားတွေက သပိတ်မှောက်ဖို့ကိစ္စကို ကြိုတင်သတင်းရတာဆိုပြီး လျှို့ဝှက်ဥပဒေနဲ့ အရေးယူဖို့ပဲ။ တကယ်တော့ အဲ့ဒီကြော်ငြာက ပီမိုးနင်းစာအုပ်ထွက်မယ့်နေ့ ကြော်ငြာဖြစ်ကြောင်း ဖြေရှင်းပေမယ့် မြန်မာ့အလင်းကို အာမခံ ကျပ် ၅၀၀၀ တောင်းခဲ့ပါတယ်။ အဲ့ဒီကတည်းက မြန်မာအလင်းသတင်းစာလည်း ရပ်စဲသွားရပါတော့တယ်။
ဦးရွှေကြူးဟာ မြန်မာ့အလင်းမဂ္ဂဇင်းကနေ ချားစ်နှင့် မေရီလန်း (Charles & Mary Lamb) ဝတ္ထု၊ ရှိတ်စပီးယားရဲ့ ရိုဇာလင်းနှင့် အော်လန်ဒို၊ အန်ထော်နီယို ကုန်သည်ပျို” (The Marchant of Venice) တို့ကိုလည်း ပြန်ဆိုခဲ့တယ်။ ရှိတ်စပီးယားနဲ့ ဦးပုညကို နှိုင်းယှဉ်ပြီး “ဦးပုညသည် မြန်မာတို့ရဲ့ ရှိတ်စပီးယားဖြစ်သည်” လို့ စတင်အဆိုပြု ရေးသားခဲ့သူဖြစ်တယ်။ ဒါ့အပြင် ဦးရွှေကြူးရဲ့ အားထုတ်မှုတခုကတော့ “ရွှေကြူး အသံထွက် အင်္ဂလိပ်-မြန်မာအဘိဓာန်” ပါပဲလို့ ဆိုကြပါတယ်။
၁၉၁၆ ခုနှစ်ထဲမှာတော့ ကျောက်ပုံနှိပ်ပညာသင်ဖို့ ဂျပန်နိုင်ငံကို ထွက်ခွာခဲ့တယ်။ လမ်းခရီးမှာ ဗီယက်နမ် ဆိုင်ဂုံမှာရှိနေတဲ့ မြင်ကွန်းမင်းသားကြီးနဲ့ ဝင်တွေ့ပြီး မြန်မာနိုင်ငံကို မြန်မာဘုရင်လက်ထဲ ပြန်အပ်နှံနိုင်ရေး ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ အစကတည်းက သူ့ကို အမြင်မကြည်လင်ခဲ့တဲ့ အင်္ဂလိပ်အစိုးရဟာ ဂျပန်နိုင်ငံအား ဦးရွှေကြူးကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန် အမိန့်ထုတ်ပြန်ခဲ့တယ်။ ဂျပန်ကအပြန် စင်ကာပူအရောက်မှာတော့ မြန်မာပြည်သို့ ပြန်မလာရန် ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
မူကွဲတခုကတော့ “ခေတ်လူငယ်များနှင့် လုပ်သားပြည်သူများသည် လှုပ်လှုပ်ရွရွဖြစ်၍ နိုင်ငံရေးစိတ်ဓာတ် နိုးကြားလာခဲ့သည်။ ထို့ကြောင့် မြန်မာ့အလင်းသတင်းစာနှင့် ဦးရွှေကြူးအား အင်္ဂလိပ်အစိုးရက မကျေနပ်စပြုလာတော့သည်။ ထိုအခိုက်မှာပင် တနေ့တွင် မြန်မာ့အလင်းသတင်းစာ၌ အင်္ဂလိပ်အစိုးရ မနှစ်သက်သည့် သတင်းတပုဒ် ပါလာ၍ မြန်မာ့အလင်းသတင်းစာကို အစိုးရအမိန့်နှင့် ပိတ်လိုက်သည်။ ထုတ်ဝေသူနှင့် တိုက်ပိုင်ရှင် ဦးရွှေကြူးအားလည်း စင်ကာပူသို့ ပြည်နှင်ဒဏ်ပေးလိုက်သည်။ ဦးရွှေကြူးသည် ပထမကမ္ဘာစစ်ပြီးသော်လည်း မြန်မာပြည်သို့ ပြန်လာခွင့်မရသေးပေ။ အင်္ဂလိပ်သက္ကရာဇ် ၁၉၂၁ ခုနှစ်၌ မြန်မာပြည်သို့ ဝင်ရောက်ခွင့်ရပေသည်” လို့ စံပြတင်ဦး မြန်မာစာရေးဆရာ အဘိဓာန်မှာ ဖော်ပြထားပါတယ်။
ဘယ်လိုမူကွဲနေပေမယ့် ၁၉၁၆ မှာ ဦးရွှေကြူးကို ပြည်နှင်ဒဏ်ပေးခဲ့တာကတော့ အမှန်ပါ။ သူဟာ ဂျာမန်ကုန်သွယ်ဘက်တွေနဲ့ ကျွမ်းဝင်ခြင်း။ ပထမကမ္ဘာစစ်မှာ ဂျာမန်၊ သြစတြီးယားက တဖက်၊ အင်္ဂလိပ်၊ ပြင်သစ်ကတဖက် စစ်ဖြစ်ချိန်မှာ အင်္ဂလိပ်ရန်သူ ဂျာမန်တို့အကြောင်း ရေးခြင်းကိုက အင်္ဂလိပ်တို့အဖို့ အမြင်မကြည်လင်စေတဲ့ အချက်တခု ဖြစ်နေပါတယ်။ ဒါ့အပြင် မြန်မာတို့ရဲ့ အမျိုးသားရေး လွတ်လပ်ရေးအတွက် သန္ဓေအစပြု ပျိုးပေးသူလည်း ဖြစ်နေတယ်။ ၁၉၂၁ ခုနှစ် မြန်မာပြည်ပြန်ရောက်လာတော့လည်း “လစ်ဘာတီ” လို့ခေါ်တဲ့ လွတ်လပ်ရေးသတင်းစာကို ထုတ်ဝေခဲ့ပါသေးတယ်။ ၁၉၂၄ ခုနှစ်မှာတော့ မြူနီစီပါယ် အတွင်းရေးမှူးအဖြစ် လုပ်ကိုင်ခဲ့တယ်။
မြန်မာလူထုရဲ့ ပညာရေးပြုပြင်မှုအဖြစ် ဒေါင်းတံဆိပ်ဖတ်စာအုပ်တို့ကို မွေးဖွားပေးခဲ့သူ။ ရွှေကြူးပုံနှိပ်တိုက် ထောင်ပြီး မြန်မာ့အလင်းမဂ္ဂဇင်း ထုတ်ဝေပြီး မြန်မာတို့ကို အလင်းပြခဲ့သူ။ မြန်မာ့အလင်း စစ်ကြေးနန်းသတင်း ထုတ်ဝေပြီး ကမ္ဘာ့သတင်းနဲ့ မျက်စိဖွင့်ပေးခဲ့သူ။ ရှိတ်စပီးယားပြဇာတ်အချို့ကို ပြန်ဆိုပေးခဲ့သူ။ ရွှေကြူး အသံထွက် အင်္ဂလိပ်-မြန်မာ အဘိဓာန် ပြုစုခဲ့သူ။ မြန်မာ့အလင်းသတင်းစာနဲ့ လစ်ဗာတီသတင်းစာတို့ကို မွေးဖွားပေးရင်း အင်္ဂလိပ်တို့အမုန်းကို ခံယူရင်း ပြည်နှင်ဒဏ်အပေးခံခဲ့ရတဲ့ သတင်းစာဆရာကြီး ဦးရွှေကြူးဟာ ၁၉၃၅ ခုနှစ် သူ့အသက် ၅၂ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတော့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုလိုနီခေတ်မှာ ပထမဦးဆုံး ပြည်နှင်ဒဏ်အပေးခံရတဲ့ မြန်မာသတင်းစာဆရာ သူရဲကောင်းတဦးအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုလိုက်ရပါကြောင်းဗျာ။ ။
ဆရာဋ္ဌေး