Home
မြန်မာသတင်း
ဝမ်းတွင်းတွင် ရှေးဘုရားစေတီဌာပနာ ဖောက်ခံရ
DVB
·
October 20, 2018
got
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်၊ အိုမတွေ့ကျေးရွာအုပ်စု၊ ခံဘူရွာအနီး တောထဲမှာရှိတဲ့ ရှေးဘုရားစေတီမှာ ဌာပနာဖောက်ခံထားရတာကြောင့် အောက်တိုဘာလ ၁၈ ရက်နေ့မှာ အမှုဖွင့်စုံစမ်းနေတယ်လို့ ပင်းတလဲရဲကင်းစခန်းက သိရပါတယ်။ တမာကုန်ရွာနေ ဦးအောင်ကင်းက "အဲစေတီကို တခြားအရပ်မှာ အလုပ်သွားလုပ်ရင်း လုပ်ငန်းအောင်မြင်တဲ့သူက ထီးတော်တင် ရွှေသင်္ကန်းကပ်လုပ်ထားတာ မကြာသေးဘူး၊ အခုဌာပနာဖောက်သွားပြီ။ အဲစေတီနေရာကို အရင်က ရွားဆိုးကုန်းလို့ ခေါ်တဲ့ ရွာရှိတယ်၊ အဲရွာသားတွေ ကိုးကွယ်တာတဲ့ အင်္ဂလိပ်မင်းလက်ထက်မှာ ရွာပျက်တယ်လို့ ပြောတာကြားဖူးတယ်" လို့ ပြောပါတယ်။ အိုမတွေ့ရွာအုပ်ချုပ်ရေးမှူး ဦးဝင်းက "အဲဘုရားကို ဖောက်သွားတယ်၊ ဘာတွေပါသွားတယ်၊ ဖောက်တဲ့သူတွေ ဘာရသွားတယ် ဆိုတာတော့ မသိဘူး။ လူတကိုယ်စာ ဝင်လို့ရတဲ့ အပေါက်ကြီး ဖြစ်သွားတယ်။ ရွာနဲ့အလှမ်းဝေးတော့ ဖောက်လို့ရသွားတာပေါ့" လို့ ပြောပါတယ်။ ဒေသခံကိုမျိုးဝင်းက"စေတီရဲ့ တောင်ဘက်မှာ ဖောက်ထားတာ တခုတွေ့ရတယ်။ အခုဖောက်တာက စေတီရဲ့အရှေ့ဘက်ဘေးက ဖောက်တာပါ။ ရွာက အသက် ၈၀ ကျော် လူကြီးတွေကတော့ သူတို့မွေးတော့ ဒီစေတီလေးက ရှိနေပြီ ပြောတယ်။ နှစ် ၁၀၀ ကျော်လောက် ရှိနေမယ်ထင်တယ်" လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့နယ်အတွင်းမှာ လွန်ခဲသော ၄ နှစ်လောက်က အခုစေတီနဲ့ ၂ မိုင်လောက်ဝေးတဲ့ ခံဘဲ့ရွာက စေတီ ၄ ဆူ ဌာပနာဖောက်မှု ဖြစ်ခဲ့ဖူးတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013