Home
မြန်မာသတင်း
မြောက်ဦး ယဉ်ကျေးမှုနယ်မြေအတွင်း စေတီတဆူပြိုကျ
DVB
·
July 19, 2019
mo
ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ဝင်နိုင်ရေးကြိုးပမ်းနေတဲ့ မြောက်ဦးယဉ်ကျေးမှု နယ်မြေအတွင်းက စေတီတဆူ ပြိုကျသွားတယ်လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန၊ မြောက်ဦးမြို့ဌာနခွဲ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီပြိုကျသွားတဲ့ စေတီဟာ မြောက်ဦးမြို့၊ ကြက်ဈေးရပ်ကွက်မှာ တည်ရှိတဲ့ အရှေ့မြတန်ဆောင်း အရံစေတီတော်ဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အရှိန်ကြောင့် ဇူလိုင် ၁၈ ရက်နေ့က ပြိုကျသွားတာလို့ မြောက်ဦးရှေး၊ သုဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ပြောပါတယ်။ “အဓိကတော့ ဒီမှာမိုးများလို့ပေါ့ဗျာ။ ၅ ရက်နေ့လောက်တည်းက မြောက်ဦးမှာ မိုးကြီးတယ်လေ။ တောက်လျှောက် ၁၃ ရက်နေ့လောက်ထိ မိုးတပတ်လောက်ရွာပြီးနောက်ပိုင်း အဲမှာ အရန်စေတီလေး ပြိုကျသွားတာပေါ့လေ။ အဲဒီဘုရားကတော့ လွန်ခဲ့တဲ့ နှစ် ၂၀ ဝန်းကျင် လောက်က ၂၀၀၀ ခုနှစ်ဝန်းကျင်လောက်က ဌာနက ပြန်လည်ပြုပြင်ထားတဲ့ ဘုရားပေါ့လေ။ အဲဒီဘုရားက မိုးအရမ်းရွာတော့ ပြိုကျတာပေါ့”လို့ ပြောပါတယ်။ မြောက်ဦးဒေသခံတွေကတော့ အရှေ့မြတန်ဆောင်း အရန်စေတီတော်ဟာ  ဇူလိုင် ၁၃ ရက်နေ့ ကတည်းက ပြိုကျသွားဖြစ်တယ်လို့ ဆိုပါတယ်။ ဒေသခံတချို့ကတော့ ရက္ခိုင့်တပ်တော် အေအေနဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားစဉ် လက်နက်ကျည်ကျရောက်ခဲ့တာကြောင့် မိုးရွာသွန်းတဲ့အခါ အခုလို ပြိုကျသွားတာလို့ ပြောဆိုကြပေမယ့် ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီး ဌာနကတော့ အဲဒီစေတီမှာ လက်နက်ကျည်ကျခဲ့တာ မဟုတ်ဘဲ အနောက်မြေထဲ ဘုရားမှာသာ ကျည်ထိမှန်ခဲ့တာလို့ ဆိုပါတယ်။ လက်ရှိမှာတော့ ပြန်လည်ပြုပြင်ဖို့ လုပ်ဆောင်နေပြီလို့ သိရပါတယ်။ မြောက်ဦးယဉ်ကျေးမှုနယ်မြေဟာ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်း UNESCO ဝင်နိုင်ရေးကြိုးပမ်းနေကြတဲ့ နေရာဖြစ်တာကြောင့် စေတီတွေ ပျက်စီးမှုရှိနေတာဟာ အဲဒီလို ကြိုးပမ်းမှုကို  အနှောင့်အယှက်ဖြစ်နိုင်မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေကြပေမယ့် စိုးရိမ်စရာမလိုဘူးလို့ ဒေါက်တာသန်းထိုက်က ပြောပါတယ်။ “စေတီပုထိုးတွေ အကုန်လုံးကတော့ အရေးပါတာပေါ့ဗျာ။ ဒါပေမယ့် ယူနက်စကို ဝင်ဖို့ ထိခိုက်သလားဆိုတာရင်တော့ မထိခိုက်ပါဘူး။ အဲလောက်ထိ အနှောင့်အယှက်တော့ မဖြစ်ဘူးပေါ့လေ။ ကမ္ဘာအမွေအနှစ် ထိန်းသိမ်းဖို့ကိစ္စက ရှေးဟောင်းစေတီတွေကလည်း ဒီလိုမျိုးပျက်တာတွေ၊ ပြုပြင်တာတွေကတော့ လုပ်နေရမှာပဲ” လို့ ဆိုပါတယ်။ အခုပြိုကျသွားတဲ့ အရှေ့မြတန်ဆောင်းအရန်စေတီတော်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်ကတည်းကနေ ယိုယွင်းနေတာကြောင့် ပြန်လည်ပြုပြင်ထားတဲ့ စေတီဖြစ်ပါတယ်။ မြောက်ဦးမြို့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း ယူနက်စကိုဝင်နိုင်ရေးအတွက် ဇူလိုင် ၂၁ ရက်နေ့မှာပဲ အဆိုပြုမူကြမ်း တင်သွင်းတော့မှာလည်း ဖြစ်ပါတယ်။ မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်နိုင်ဖို့အတွက်ဆိုရင် လက်ရှိမြောက်ဦးမှာ ကြုံတွေ့နေရတဲ့ မသမာသူတချို့ရဲ့ ရှေ့ဟောင်းအမွေအနှစ်တွေကို တရားမဝင် ခိုးယူရောင်းချတာတွေ၊ မြောက်ဦးမြို့ကို ညစ်ညမ်းစေမဲ့ လုပ်ရပ်မျိုးတွေ ရှောင်ရှားပြီး ဝိုင်းဝန်းထိန်းသိမ်းကြဖို့လိုတယ်လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက ပြောပါတယ်။ သတင်း-ဝဏ္ဏခွာညို- ဓာတ်ပုံ- ကျော်စိုးနိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013