မြန်မာ-အိန္ဒိယနယ်စပ် တမူးတွင် ကျပ်သိန်း ၂၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ
DVB
·
October 12, 2018
မြန်မာ-အိန္ဒိယနယ်စပ် တမူးမြို့မှာ ကျပ်သိန်း နှစ်ထောင်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းမိခဲ့တယ်လို့ မူးယစ်တပ်ဖွဲ့က ပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်၊ ဟိန္ဒူဘုရားကျောင်းပေါက်အနီးမှာ တမူးမြို့နေ အောင်ဇော်မင်း (ခ) ဇော်ဟိန်း မောင်းနှင်ပြီး သန်းနိုင်အေး လိုက်ပါလာတဲ့ ဘေးတွဲပါဆိုင်ကယ်ပေါ်ကနေ ကျပ်သိန်းနှစ်ထောင်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁ သိန်းကို အောက်တိုဘာလ ၁၀ ရက်နေ့က ဖမ်းမိခဲ့တာပါ။
စစ်ဆေးချက်အရ တမူးမြို့၊ မြို့မ ၁၂ ရပ်ကွက်နေ မဖြူ (ခ) မစန္ဒာပိုင်ဆိုင်တဲ့ နေအိမ်ဂိုဒေါင်ကနေ အခကြေးငွေယူ တင်ဆောင်ခဲ့တာလို့ မူးယစ်တပ်ဖွဲ့မှ ရဲမှူး ဦးကျော်စိန်ဝင်းက ပြောပါတယ်။ မဖြူ (ခ) မစန္ဒာနဲ့အတူ အဆိုပါ နေအိမ်မှာ ရောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့မှ ထင်ခိုဟုန်းနဲ့ ထန်ဇငမ်တို့ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
''တမူးက နယ်စပ်ဖြစ်တဲ့အတွက် တဖက်နိုင်ငံမှ မူးယစ်တင်သွင်းမှု အများဆုံးဝက်ထွက်ပေါက်ဖြစ်နေလို့ အထူးတာဝန်တရပ်ထားပြီး ကြိုးစားပြီး ဖမ်းပါတယ်။ နယ်မြေခြံစည်းရိုး ခတ်နိုင်ခြင်း မရှိသေးတော့ ဝင်ပေါက်ထွက်ပေါက်တွေ များကြီးဖြစ်နေတယ်။ သတင်းရတာနဲ့ သွားတယ်၊ သတင်းရတိုင်းလဲ မိချင်မှမိတယ်။”
ဖမ်ဆီးရမိသူ ၅ ဦးကို တမူးမြို့၊ မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။
ဂေါင်ဂေါင်