ပုသိမ်တွင် မီးရှုး၊ မီးပန်း ၂၈ သိန်းကျော်ဖိုး ရောင်းချနေသည့်ဆိုင်ကို ရဲတပ်ဖွဲ့ဖမ်းဆီး
DVB
·
October 12, 2018
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မီးရှုး၊ မီးပန်းတွေ ရောင်းချနေတဲ့ ဆိုင်တစ်ဆိုင်ကို မနေ့ညပိုင်းက ရဲတပ်ဖွဲ့က သတင်းအရ ၀င်ရောက်ဖမ်းဆီးခဲ့ရာမှာ ငွေကျပ်၂၈ သိန်းကျော်ဖိုးရှိ မီးရှုးမီးပန်းတွေ ဖမ်းဆီးရမိခဲ့ပါတယ်။
ပုသိမ်မြို့၊ အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ နေပြည်တော်မှန်ဆိုင်ကို ရဲတပ်ဖွဲ့ဝင်တွေက ၀င်ရောက်ရှာဖွေရာမှာ ကျပ် ၂၈၈၈၅၀၀ တန်ဖိုးရှိတဲ့ ဗျောက်အိုး၊ မီးရူး၊ မီးပန်း၊ ရူးဒိုင်းစတဲ့ ပစ္စည်းမျိုးစုံ ၁၉ မျိုးနဲ့အတူ ပိုင်ရှင် ဦးအောင်နိုင်ကို ဖမ်းဆီးရမိခဲ့တာလို့ ပုသိမ်နယ်မြေ ရဲစခန်းကနေ သိရပါတယ်။
ပုသိမ်နယ်မြေရဲစခန်းက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်စိုးအောင်က “ဒီပမာဏက ပုသိမ်မှာအများဆုံးဖမ်းမိတာပါ။ နောက်ထပ်လည်း လက်လီလက်ကားရောင်းနေတဲ့ ဆိုင်တွေကို ဆက်ပြီးစုံစမ်းဖမ်းဆီးသွားပါမယ်”လို့ ပြောပါတယ်။
မီးရှုး၊ မီးပန်းပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တဲ့ ဆိုင်ရှင်ဦးအောင်နိုင်ကိုတော့ ပုသိမ်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၆နဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်။
မီးရှူး၊ မီးပန်း၊ ဗြောက်အိုး၊ မီးအိုး၊ ရှးဒိုင်းနဲ့ ပေသီးတွေ ထုတ်လုပ်တာ၊ သယ်ဆောင်တာ၊ သိုလှောင်တာ၊ ရောင်းချတာ ပစ်ဖောက်တာနဲ့ ကောင်းကင်ပေါ်ကို လွှတ်တင်ရင် တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူမယ်လို့ ဧရာဝတီတိုင်းအစိုးရက ဒေသန္တရအမိန့်ကို အောက်တိုဘာလဆန်းကတည်းက ထုတ်ပြန်ထားပါတယ်။