DV ဗီဇာကံစမ်းနိုင်၊ ငွေယူလှည့်ဖြားသူများ၏ သားကောင်မဖြစ်စေရန် သတိပေး (ရုပ်သံ)
DVB
·
October 4, 2018
အမေရိကန်ပြည်ထောင်စုကို သွားရောက်နေထိုင်နိုင်မယ့် DV ဗီဇာကံစမ်းအစီအစဉ်ကို အောက်တိုဘာ ၃ ရက်ကစပြီး လျှောက်ထားနိုင်ပြီလို့ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။
တခြားနည်းလမ်းတွေနဲ့ လျှောက်ထားတာကို လက်ခံမှာမဟုတ်ဘဲ အစဉ်အဆက် သုံးစွဲလာတဲ့ နည်းလမ်းဖြစ်တဲ့ dvlottery.state.gov ဝက်ဆိုက် အင်တာနက်လိပ်စာကနေပဲ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
လျှောက်လွှာတင်တာ အခမဲ့ဖြစ်သလို လွယ်လည်း လွယ်ကူပါတယ်လို့ သံရုံးက ဆိုပါတယ်။ ပြီးတော့ လျှောက်လွှာအတုအယောင်တွေနဲ့ ငွေယူလှည့်ဖြားသူတွေရဲ့ သားကောင် မဖြစ်ပါစေနဲ့လို့လည်း သတိပေးထားပါတယ်။
အောက်တိုဘာ ၃ ရက်ကနေ စတင်လျှောက်ထားနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံသားဖြစ်ဖို့၊ ၁၀ တန်းအောင်ဖို့၊ ဒါမှမဟုတ် သက်ဆိုင်ရာ နယ်ပယ်တခုခုမှာ လုပ်သက် ၂ နှစ်ရှိဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
DV ဗီဇာကံစမ်းအစီအစဉ်နဲ့ ပတ်သက်ပြီး ဒုတိယ ကောင်စစ်ဝန်ချုပ်က မြန်မာဘာသာနဲ့ ရှင်းလင်း ပြောပြထားပါတယ်။