Home
မြန်မာသတင်း
ကျပ်၂၃ ဘီလီယံ အသုံးပြုထားသည့် နိုင်ငံတကာအဆင့်မီ မြို့သာဂေါက်ကွင်းဖွင့်လှစ်
DVB
·
September 28, 2018
gol
မန္တလေး-မြို့သာစက်မှုဥယျာဉ်စီမံကိန်းထဲမှာ  ငွေကျပ်၂၃ ဘီလီယံ အကုန်အကျခံ တည်ဆောက်ထားတဲ့ နိုင်ငံတကာ အဆင့်မီ ဂေါက်ကွင်း Myotha National Golf Course  ကို စက်တင်ဘာ ၂၇ ရက်က စတင်ဖွင့်လှစ်လိုက်ပါတယ်။ အဆိုပါ ဂေါက်ကွင်းဖွင့်ပွဲနဲ့အတူ အာရှဖိတ်ခေါ် အမျိုးသမီးလျှပ်တပြက် ဂေါက်သီး ရိုက်ပြိုင်ပွဲကိုလည်း ကျင်းပခဲ့တယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြပါတယ်။ ဂေါက်ကွင်းဖွင့်လှစ်တာနဲ့ ပတ်သက်ပြီး မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက “မြို့သာ ဒေသမှာ မျှော်မှန်းမထားတဲ့  နိုင်ငံတကာအဆင့်မီ ဂေါက်ကွင်း ကြီးတစ်ခု ပေါ်ထွက်လာတာဟာ ဒေသအတွက် သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူပေးနိုင်သကဲ့သို့ အဆိုပါ ဂေါက်ကွင်းမှာ အာရှဖိတ်ခေါ်ပြိုင်ပွဲတွေ ကျင်းပပေးခြင်းဖြင့် ကမ္ဘာလှည့် ခရီးသွားတွေအတွက် ခရီးစဉ်အသစ်တွေ ဖော်ထုတ်ပေးရာရောက်တယ်”လို့ ပြောပါတယ်။ မြင်းခြံမြို့နားမှာတည်ရှိပြီး အကျယ် အဝန်း ဧက ၃၈ဝ ကျော်ရှိတဲ့ အဆိုပါ ဂေါက်ကွင်းဟာ ၂ဝ၁၄ မေ ၁၈ ရက်က စတင်ပြီး သုံးနှစ်ကြာ တည်ဆောက်ခဲ့တာဖြစ်ပြီး အမေရိကန် ပညာရှင်တွေက ဒီဇိုင်းရေးဆွဲကာGreen Dynasty ဂေါက်ကွင်းပညာရှင်တွေနဲ့  မြန်မာ ကျပ်ငွေ ၂၃ ဘီလီယံ အကုန်အကျခံ၍ တည်ဆောက်ခဲ့တာလို့ သိရပါတယ်။ 'ဒီဂေါက်ကွင်းကို မြန်မာမှာ သာမက အာရှနိုင်ငံတွေမှာလည်း အကောင်းဆုံးကွင်းတစ်ခု ဖြစ်အောင် ရည်ရွယ်ပြီး တည်ဆောက်ခဲ့တာဖြစ်တယ် ဒီဂေါက်ကွင်းက မြက်ဟာ အာရှ နိုင်ငံတွေမှာ အသုံးမပြုဖူးသေးတဲ့ အမေရိကန်က မှာယူထားတဲ့ ဇီရောင်မြက်ကို ခင်းထားတယ်လို့ ဂေါက်ကွင်း ဆောက်လုပ်တဲ့ MMIDအများပိုင် ကုမ္ပဏီလီ ဥက္ကဋ္ဌ ဦးအောင် ဝင်းခိုင်က အစိုးရသတင်းစာမှာပြောထားပါတယ်။ အာရှဖိတ်ခေါ် အမျိုးသမီး လျှပ်တစ်ပြက်ဂေါက်ရိုက် ပြိုင်ပွဲကိုကျင်းပရာမှာတော့  ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ကိုရီးယား၊ ဂျပန်နဲ့ ဖိလစ်ပိုင်နိုင်ငံရှိ ကလပ်အသင်းတွေက အမျိုးသမီး ဂေါက်သီးရိုက် ကစားသမားတွေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အဆိုပါ ဂေါက်ကွင်းမှာ နိုင်ငံတကာအဆင့်ရှိ နိုင်ငံခြားသားနည်းပြတွေ လေ့ကျင့်သင်ကြားပေးမယ့် ဂေါက်သီးအားကစား အကယ်ဒမီ  တခုဖွင့်လှစ်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။ ဓာတ်ပုံ- MOI

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013