Home
ဆောင်းပါး
စီစီတီဗွီဆိုင်ရာ ကိုယ်ရေးအချက် ကာကွယ်ရေး ဥပဒေရှိသလား
DVB
·
September 26, 2018
cctv
ဖေ့စ်ဘွတ်ခ်မီဒီယာတွေ၊ ရုပ်သံတွေ၊ ပုံနှိပ်မီဒီယာတွေမှာ မကြာခဏမြင်တွေ့ရလေ့ရှိတာက စီစီတီဗွီထဲက ပုံရိပ် (ရုပ်ပုံ) အချို့ပါ။ တချို့ပုံတွေက တရားခံလို့ ယူဆရသူတွေ။ တချို့ကတော့ ပုဂ္ဂိုလ်ရေးရှင်းတမ်းတွေ။ ဟိုတလောကဆိုရင် ဟိုတယ်ထဲကနေ သင်္ကန်းမဟုတ်ဘဲ ပိတ်ဖြူကြီးခြုံလို့ ထွက်လာတဲ့ စီစီတီဗွီမှတ်တမ်းထွက်ပေါ်လာခဲ့တယ်။ ရုတ်တရက်ပြောရင်တော့ သက်သေခံအထောက်အထားအရ တင်ပြတာပေါ့။ ဒါပေမယ့်.. ဒါဟာ တခုခုလွဲ နေသလားလို့ စဉ်းစားမိပါတယ်။ လွဲနေတယ်ဆိုတာက ဖြစ်စဉ်တင်ပြချက်ကိုပြောတာ မဟုတ်ဘူး။ အမှုကိစ္စကို ဝင်မပြောလိုဘူး။ ဖေ့စ်ဘွတ်ခ်တို့၊ မီဒီယာတို့မှာ တင်ပြတာကိုပြောချင်တာ။ ဒါကြောင့်လည်း မြန်မာပြည်မှာ စီစီတီဗွီ ဆိုင်ရာဥပဒေ ပြဋ္ဌာန်းတာရှိသလား။ ပြဋ္ဌာန်းဖို့ရော မလိုအပ်ဘူးလားဆိုတာ စဉ်းစားစရာဖြစ်လာတယ်။    ကိုယ့်အလုပ်တော့ မဟုတ်ပါဘူး။ အစိုးရနဲ့ မီဒီယာတွေ ဥပဒေသမားတွေရဲ့ အလုပ်ပါ။ အခုဆိုရင် မြန်မာနိုင်ငံမှာ လုံခြုံရေးကင်းမရာ တပ်ဆင်တာတွေဟာ များလာတယ်။ အစိုးရဋ္ဌာနတွေ၊ ရုံးတွေ၊ေ ကျာင်းတွေ၊ စီးပွားရေးကုမ္ပဏီတွေ၊ အသင်းအဖွဲ့တွေနဲ့ ပုဂ္ဂလိကကိုယ်ပိုင်အိမ်တွေကအစ တပ်ဆင်လာသလို လမ်းတွေ၊ ရပ်ကွက်တွေ၊ မီးပွိုင့် တွေမှာလည်း တပ်ဆင်လာကြတယ်။ တပ်ဆင်ပေးတဲ့ ကုမ္ပဏီတွေကလည်း ပိုများလာတယ်။ ဒါဟာကောင်းတဲ့ လက္ခဏာဖြစ်သလို တဖက်က ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကိုလည်း ထိပါးလာစေနိုင်တာကိုတွေ့လာရတယ်။ ဒါကြောင့် စီစီတီဗွီဆိုင်ရာ အချက်လက်အချို့ကို လက်လှမ်းမီသမျှ တင်ပြချင်လာတယ်။ မပြည့်စုံပေမယ့် လိုအပ်ချက်တခု ဖြစ်နေမယ်လို့ ထင်ပါတယ်။   မြန်မာလိုတော့ လုံခြုံရေးကင်မရာလို့ စာစကားနဲ့ရေးကြတယ်။ အလွယ်တကူပြောကြတာက စီစီတီဗွီပါ။ ဒီလိုပြောရင် အားလုံးနားလည်ပြီးဖြစ်ပါတယ်။ CCTV ရဲ့အရှည်ကတော့ Closed-Circuit Television ပါ။ စပေါ်တာက ဒုတိယကမ္ဘာစစ်အတွင်းက နာဇီဂျာမဏီကပဲ စတင်တပ်ဆင်ခဲ့တာ။ ဘာလင်နဲ့မြူးနစ်မှာရှိတဲ့ Siemens AG ကုမ္ပဏီရဲ့ ဌာနချုပ်မှာပါ။ ဆိုင်းမင်းအေဂျီဆိုတာ V-2 Rocket ပစ်ရာမှာ စမ်းသပ်တဲ့နေရာပါ။ မစမ်းသပ်မီ အဲ့ဒီဌာနချုပ်မှာ စတင်တပ်ဆင်ရာကစတာပဲ။ ဒါကမ္ဘာမှာ ပထမဆုံးတပ်ဆင်တာလို့ ဆိုပါတယ်။ စီစီတီဗွီရဲ့ စွန့်ဦးတီထွင်သူက ဂျာမန် အီလက်ထရောနစ် အင်ဂျင်နီယာတဦးလည်းဖြစ်၊ တယ်လီဗေးရှင်း တီထွင်သူလည်းဖြစ်တဲ့ Walter Bruch ပါ။ ဟန်နိုဗာတက်နော်လောဂျီတက္ကသိုလ်ရဲ့ ဧည့်ပါမောက္ခလည်းဖြစ်တယ်။ စတင်အသုံးပြုတပ်ဆင်ခဲ့တာက ၁၉၄၂ ခုနှစ်ထဲမှာပါ။   အမေရိကန်မှာတော့ ၁၉၄၉ ခုနှစ်ထဲရောက်မှ စီးပွားရေးဈေးကွက်ထဲ ရောက်တယ်လို့ဆိုကြပါတယ်။ အဲ့ဒီတုန်းကတော့ Vericon လို့ခေါ်ပါတယ်။ မြို့ထဲ ရပ်ထဲ တပ်ဆင်မှုကိုတော့ အမေရိကန်နိုင်ငံ နယူယောက်ရဲ့ အိုလင်းနယ် မြေရှိ စီးပွားရေးလမ်းတလျှောက်ကို ၁၉၆၉ မှာ စတင်ရာက မြို့အတော်များများကို ပျံ့နှံ့ပြီး သက္ကရာဇ် ၂၀၀၀ ကျော် တော့မှ အာရှကို ရောက်လာခဲ့တာလို့ ဆိုပါတယ်။ အိုလင်းမြို့လေးမှာ စီစီတီဗီ တပ်ဆင်လိုက်တဲ့အခါ ရာဇဝတ်မှုအတော်လျော့ကျသွားတယ်လို့ ဆိုပါတယ်။ ရာဇဝတ်မှုကြိုတင်ကာကွယ်မှုဟာ အောင်မြင်ခဲ့တယ်လို့ သုံးသပ်ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး Northaneastern University နဲ့ University of Cambridge တို့က ကျောင်းသား ၄၁ ယောက် ခွဲခြမ်းစိတ်ဖြာ မီတာနည်းကို အသုံးပြုပြီး သုတေသနပြုခဲ့ကြတယ်။ သူတို့ သုတေသနခေါင်းစဉ်က ရာဇဝတ်မှုကြိုတင်ကာကွယ်မှုအတွက် စီစီတီဗွီက ထိရောက်ဘယ်လောက်ရှိသလဲ ဆိုတဲ့ခေါင်းစဉ်ပါ။ သူတို့ရလဒ်က ထူးခြားတဲ့ သတ်မှတ်ဇုန်တွေမှာ ၁၆ ရာခိုင်နှုန်း။ ကားပါကင်တွေမှာ ၅၁ ရာခိုင်နှုန်း၊ မြို့အလယ်တွေမှာ ၇ ရာခိုင်နှုန်း။ သယ်ယူပို့ဆောင်ရေးကဏ္ဍတွေမှာ ၂၃ ရာခိုင်နှုန်း ရှိတယ်လို့ဆိုတယ်။ အကျိုးသက်ရောက်မှု အသင့်တင့်ရှိတယ်လို့ သတ်မှတ်ပြီး သုံးစွဲလာ ခဲ့တာတာပါ။ အသင့်တင့်သော ရာဇဝတ်မှုအချို့ လျော့ချနိုင်တယ်လို့ ယူဆကြပါတယ်။ ဒီလိုနဲ့ ကမ္ဘာ့နိုင်ငံအချို့ရဲ့ မြို့အတော်များများမှာ စီစီတီဗွီတွေကို တပ်ဆင်လာကြတယ်။ ဒါပေမယ့် အချို့ချို့သော သူတွေကတော့ ဒီလိုတပ်ဆင်တာတွေအပေါ်မှာ ပုဂ္ဂလိကလွတ်လပ်ခွင့် ဆုံးရှုံးစေတယ်လို့ ထောက်ပြကြပါတယ်။ အိမ်နီချင်း အခွင့်အရေးဆုံးရှုံးမှုတွေကို တင်ပြပြောဆိုလာကြတယ်။ စီစီတီဗွီတပ်ဆင်ခြင်းကြာင့် အကျိုးသက်ရောက်မှုရှိသလို ဆုံးရှုံးမှုတွေလည်း ရှိလာနိုင်ပါတယ်။ သာမန်လူကောင်းတွေရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်မှု (Civil Liberties ကို မထိခိုက်ရအောင် စီစီတီဗွီကို ဘယ်လိုကိုင်တွယ်ထိန်းသိမ်းကြမလဲဆိုတာကို စဉ်စားသုံးသပ်လာခဲ့ကြပါတယ်။ အဲ့ဒီလို ပြည်သူလူထုကြားထဲ အခြေအတင် ဒီဘိတ်ဖြစ်ကြရာက Data Protection Act ဆိုတာ ပေါ်ထွက်လာခဲ့ပါတော့တယ်။ Data Protection Act ဆိုတာ ဘာလဲ။ “ပုဂ္ဂိုလ်ရေးအချက်အလက်ကာ ကွယ်မှုဥပဒေ” လို့ပဲ ယာယီဖွင့်ဆိုပါမယ်။ အတိုကောက် “ဒီပီအေ”လို့ ဆက်လက်သုံးပါ့မယ်။ အချို့ကတော့ ဒီပီအေ ဥပဒေဟာ မလိုအပ်ဘူး။ ၂၁၁၇ခု နှစ်က သမ္မတ ဦးထင်ကျော်ထုတ်ပြန်ထားတဲ့ ပြည်ထောင်စုဥပဒေအမှတ် (၅) “နိုင်ငံသားများ၏ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို အကာကွယ်ပေးရေးဥပဒေ” ရှိပြီးသားလို့ ပြောကောင်းပြောနိုင်ပါတယ်။ မတူပါဘူး။ ဒါပေမယ့် ဒီအမိန့်ကြော်ငြာစာအမှတ်နဲ့ဥပဒေကို အခြေခံပြီးရေးကြရမှာပါ။ မတူတာက စီစီတီဗွီအတွက်ကို အဓိကထားပြီး သီးခြားဥပဒေပြဋ္ဌာန်းပေးရမှာပါ။ ပုဂ္ဂိုလ်ရေးအချက်လက်ကာကွယ်မှုဥပဒေမှာ ထည့်သွင်းသင့်တာတွေက ဒီပီအေမှာ စီစီတီဗီတပ်ဆင်ပေးမယ့် အီလက်တရောနစ်ကုမ္ပဏီတွေ လိုက်နာရမယ့် အချက်တွေ ပါဝင်သင့်တယ်။ ပြီးတော့ ဌာနဆိုင်ရာနဲ့ အစိုးရက လိုအပ်ချက်အရ တပ်ဆင်ထားတဲ့ နေရာတွေမှာ ဘယ်လိုအရည်ချင်းရှိသူ၊ ဘယ်လိုအဆင့်ရှိသူကို ဘယ်လိုသတ်မှတ်ချက်တွေနဲ့ အော်ပရောအဖြစ် ခွင့်ပြုရလဲဆိုတာတွေ။ Footage လို့ခေါ်တဲ့ စီစီတီဗွီပုံရိပ်တွေကို ဘယ်လိုအခြေနေမျိုးနဲ့ ဘယ်လိုကန့်သတ်ချက်အရ လွှဲပြောင်းပေးရမလဲ။ ဘယ်လိုလူတွေကို ကြည့်ရှုခွင့်ပေးရမလဲ။ ဘယ်အချိန်မှာ ကြည့်ရှုခွင့်ပေးမလဲ။ ကြည့်ရှုခွင့်တောင်းခံရာမှာ ဘယ်လိုအချက်တွေနဲ့ လျှောက်ထားတောင်းခံရမလဲ။ လျှောက်ထားတောင်ခံခွင့်ပြုရာမှာ ဘယ်အခြေနေ ဘယ်အတိုင်းတာထိ အသုံးချခွင့်ရှိသလဲ။ ဘယ်လိုနေရာတွေမှာ အသုံးမပြုဆိုတဲ့ကန့်သတ်ချက်ကို ဘယ်လိုပေးမလဲ။ ဆိုလိုချင်တာက ရပ်ကွက်ထဲ လမ်းထဲ တပ်ဆင်ထားတာတွေနဲ့ ပတ်သက်ရင် အော်ပရေတာအတွက် စည်းမျဉ်းဥပဒေတခုခုတော့ သတ်မှတ်ပေးကြရမှာပါ။ ဒီလိုမဟုတ်ပဲ လူတိုင်းကြည့်ခွင့်ပြုရင် အကျိုးထက်အပြစ်က ပိုများနိုင်လို့ပါပဲ။ အများဆိုင်နေရာအတွက် စီစီတီဗွီဆိုင်ရာ ဥပဒေပြီးရင် သီးခြားကုမ္ပဏီရုံးတွေနဲ့ အိမ်တွေမှာ သုံးတဲ့ စီစီတီဗွီတွေနဲ့ပတ်သက်တဲ့ စည်းမျဉ်းဥပဒေလည်း ထည့်သွင်းရမှာပါ။ အိမ်တွေနဲ့ပုဂ္ဂိလကရုံးခန်းတွေမှာဆိုရင် သက်ဆိုင်သူ တာဝန်ရှိသူကလွဲပြီး အခြားသော Third Party ကို လက်ကမ်းပေးခြင်း အသုံးချခွင့်ပေးခြင်းတွေကို ဘယ်လို ကန့်သတ်မလဲဆိုတာ လိုအပ်လာပါတယ်။ နမူနာအနေနဲ့ပြောရင်ရင် ဟိုတလောက ဟိုတယ်တခုက ဘုန်းကြီးတပါး ပိတ်ဖြူပတ်ထွက်လာတာတွေ။ ပြီးတော့ ပုဂ္ဂိုလ်ရေး မကျေနပ်မှုကို သိက္ခာချဖို့တင်တဲ့ ပိုစ်တွေ အများကြီးတွေ့လာရတယ်။ တရားရုံးသက်သေပြတဲ့ စီစီတီဗွီပုံရိပ်တွေကို ပြင်ပမီဒီယာတွေနဲ့ ဖေ့စ်ဘွတ်ခ်တွေမှာ အသုံးပြုခွင့်ပေနေတာတွေဟာ ဥပဒေကန့်သတ်မှု မရှိသေးတာကို ဖော်ပြနေပါတယ်။ ဒါတွေဟာ Data Controller စီကနေ ထွက်လာဆိုရင် အချက်လက်ထိန်းချုပ်သူ အော်ပရေတာကို ဘယ်လိုအရေးယူရမလဲဆိုတာတွေဟာ တနေ့မဟုတ်တနေ့ လိုအပ်လာတော့မှာဖြစ်ပါတယ်။    သေချာတာက စီစီတီဗွီဆိုင်ရာ အချက်အလက်ကာကွယ်ရေးဥပဒေမရှိသေးပဲ စီစီတီဗွီ တပ်ဆင်ခွင့်ရှိနေခြင်းပါပဲ။ လူ့အဖွဲ့အစည်းရဲ့ အခြေနေတွေ ရှုပ်ထွေးလာနေတာနဲ့အမျှ လူမှုဘဝပြဿနာရပ် အသစ်တွေလည်း ပေါ်နေမှာပါပဲ။ ဖြစ်လာနိုင်တဲ့ အခြေနေအရပ်ရပ်ကို သုံးသပ်ပြီး စီစီတီဗွီဆိုင်ရာ ပုဂ္ဂလိက အချက်အလက်ကာကွယ်ရေး ဥပဒေပေါ်ထွက်လာစေဖို့ အကျိုးမျှော်လို့ နှိုးဆော်လိုက်ရပါကြောင်းဗျာ။   Cctv,privacy and the law Data Protection cctv Ireland Rule and Regulations of Home cctv Installation The Law on Using cctv on your premises Close-Circuit Television   Wikipedia တို့မှ အချက်လက်ရယူပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024