ချောက်တွင် လေအားလျှပ်စစ်စီမံကိန်း ဆောင်ရွက်မည်
DVB
·
September 21, 2018
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ကြို့ပင်ကျေးရွာအုပ်စု၊ တောင်တဲကြီးရွာနားမှာ လေအားလျှပ်စစ်စီမံကိန်းတခုကို Infra Capital Myanmar မြန်မာ-ရီအိတ်စ်(ICMRC) ကုမ္ပဏီက ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။
ဓာတ်အား ၅၀ မဂ္ဂါဝပ် ထုပ်လုပ်ပေးနိုင်မယ့် လေအားလျှပ်စစ်တာဘိုင် ၁၂ ခုနဲ့ ၁၉ ခုကြား တည်ဆောက်မှာဖြစ်ပြီး ၂၀၁၉ ခုနှစ်လောက်မှာ စတင်အကောင်အထည်ဖော်ဖို့ ကြိုးစားသွားမယ်လို့ စီမံကိန်းဖော်ဆောင်သူ ဦးတင်မင်းလတ်က ပြောပါတယ်။
စီမံကိန်းအတွက် မြေ ၁၆၇၅ ဧကကို လေ့လာကွင်းဆင်းပြီး စီမံကိန်းမြေနေရာနဲ့ ထိစပ် နေတဲ့ ကျေးရွာ ၈ ရွာက ဒေသခံပြည်သူတွေထံက သဘောထားကောက်ခံတာ၊ ပတ်ဝန်းကျင် ထိခိုက်မှု စမ်းစစ်တာတွေကို မင်းတုန်း၊ မင်းလှနဲ့ ချောက် နေရာ ၃ နေရာမှာ လေ့လာ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဒီစီမံကိန်းကို InfraCoAsia ကုမ္ပဏီက မကွေးတိုင်းအစိုးရနဲ့ ပူးပေါင်းပြီး တိုင်းဒေသကြီးအတွင်း လေအားလျှပ်စစ်စီမံကိန်းတွေ အကောင်အထည်ဖော်ရေးအတွက် ဖြစ်နိုင်ခြေရှိ၊ မရှိ လေ့လာနိုင်ဖို့ ၂၀၁၇ ဧပြီ ၄ ရက်က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
သတင်းနှင့်ဓာတ်ပုံ - ကိုလင်း (ချောက်)