မကွေးတိုင်းတွင် ပဲစင်းငုံ၊ မတ်ဘဲ ဈေးကွက်ပျက်၍ ဝါစိုက်တောင်သူ များပြားလာ
DVB
·
September 16, 2018
မကွေးတိုင်းမှာ ပြီးခဲ့တဲ့နှစ်က ပဲစင်းငုံ၊ မတ်ပဲ ဈေးကွက်ပျက်ခဲ့တဲ့အတွက် အခု စိုက်ပျိုးရာသီမှာ ဝါစိုက်ပျိုးမှု များပြာလာနေတာလို့ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန ညွန်ကြားရေးမှူးက ပြောပါတယ်။
ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပဲစင်းငုံအစား ဝါ၊ ပြောင်းဖူး၊ နေကြာ အစားထိုး စိုက်ပျိုးဖို့ ပညာပေးခဲ့တဲ့အတွက် တောင်သူတွေ ဝါသီးစိုက်ပျိုးဖို့ စိတ်ဝင်စားမှု များပြား လာတာလို့ ပြောပါတယ်။
"မိုးကြို ချည်မျှင်ရှည်ဝါ၊ မိုးနှောင်ချည်မျှင်ရှည်ဝါ၊ မလှိုင်ဝါ ဝါကြီးအပြင် အိန္ဒိယက တင်သွင်းတဲ့ စပ်မျိုးကိုလည်း စိုက်ပျိုးကြတာပါ။ ယခင်က အစိုးရပိုင် ဝါကြိတ်စက်ရုံတွေကနေ ကုန်ကြမ်းနဲ့ ဝါစေ့ထုတ်လုပ်ပြီး လက်ရှိအချိန်မှာ ရပ်နားထားရပြီး ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ရောင်းချနေကြတာပါ။ ယခင်နှစ်က ဝါ ၁ ပိဿာကို အနည်းဆုံး ၁၂၀၀ ကျပ်ထိ ရောင်းချရပါတယ်။ ပြည်တွင်းမှာ အရေအသွေးပြည်မီတဲ့ တန်ဖိုးမြင့် ကုန်ချောထုတ်နိုင်မယ် ဆိုရင် နိုင်ငံခြားထွက်ငွေ လျော့နည်းသွားပြီး အလုပ်အကိုင် အခွင့်အလမ်းတွေရရှိကာ ဝါစိုက်တောင်သူတွေအတွက် အများကြီး အထောက်အကူဖြစ်မယ်။”
အထက်မင်းလှမြို့နယ်က တောင်သူ ဦးဇော်ကြီးက ၀ါကို ၇ လပိုင်း၊ ၈ လပိုင်းတွေမှာ အဓိက စိုက်ပျိုးကြတယ်လို့ ပြောပါတယ်။
“စိုက်ပျိုးရေးဌာန ကပေးတဲ့ ရွှေတောင် ၈၊ ငွေချည် ၉ တို့ကို အဓိကထားစိုက်ပျိုးကြတယ်။ ၁ ဧကကို ပိဿာ ၉၀၀ လောက်ထွက်တယ်။ အရင်သုံးလေးနှစ်လောက်က ၁ ပိဿာ ၇၀၀ ကျပ်လောက်ပဲ ရတဲ့အတွက် သိပ်အဆင်မပြေဘူး။ အခုနှစ်မှာ တရုတ်ဝယ်လက်ရှိတဲ့အတွက် ၁ ပိဿာကို ၁၃၀၀ ကျပ်လောက်ရတဲ့အတွက် တောင်သူတွေ အဆင်ပြေပြီး ဝါစိုက်ပျိုးဖို့ ပိုမို စိတ်ဝင်စားလာကြတာ” လို့ ပြောပါတယ်။
မကွေးတိုင်းအတွင်း ဝါစိုက်ပျိုးဧက ၁၈၀၀၀၀ လောက်ရှိတဲ့ထဲက အခုလအထိ ဧက ၉ သောင်း လောက်စိုက်ပျိုးပြီးစီးသွားပြီဖြစ်ပြီး နတ်မောက်၊ စလင်း၊ ဆင်ပေါင်ဝဲ မြို့နယ်တွေမှာ အများဆုံး စိုက်ပျိုးတယ်လို့ ညွှန်မှူးက ပြောပါတယ်။
သတင်း-မင်းထီး