Home
မြန်မာသတင်း
မကွေးတိုင်းတွင် သားအိမ်ခေါင်းကင်ဆာရောဂါ အခမဲ့ ကုသပေး
DVB
·
July 15, 2018
magwae
မကွေးတိုင်းဒေသကြီးအတွင်းမှာ ဆယ်စုနှစ်တခုအတွင်း သားအိမ်ခေါင်းကင်ဆာရောဂါ ပပျောက်စေဖို့အတွက် ရောဂါကာကွယ်ရေးဆေးခန်း ဖွင့်လှစ်ပြီး အခမဲ့ စမ်းသပ်ကုသပေးနေပါတယ်။ မကွေးဆေးတက္ကသိုလ်က ပါမောက္ခဌာနမှူး သားဖွားနှင့်မီးယပ်ဌာန တာဝန်ခံ ဒေါက်တာ ခင်မေသင်းက "ကျမတို့ မြန်မာနိုင်ငံမှာ သားအိမ်ခေါင်းကင်ဆာဟာ ဒုတိယအဖြစ်အများဆုံးဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း WHO ကဆို တနှစ်ကို ၄ဝဝဝ ကျော်ဖြစ်ပွားပြီး ၃ဝဝဝ ကျော် သေဆုံးနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ကျမတို့အနေနဲ့ အထက်မြန်မာပြည်မှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုနဲ့ သေဆုံးမှုနှုန်း လျှော့ချနိုင်ဖို့ ရည်ရွယ်ပြီး ဒီဆေးခန်းလေးကို စတင် ဖွင့်လှစ်ရခြင်းဖြစ်တယ်၊ နဂိုက မီးယပ်ဌာနရဲ့ ပြင်ပ OPD မှာ ရောနှောလုပ်ပြီး၊ ကာကွယ်ဆေးကတော့ ပေါ်နေပြီ၊ ဈေးအရမ်းကြီးတယ်။ သားအိမ်ခေါင်း ကင်ဆာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို တစိုက်မတ်မတ်လုပ်နိုင်ရန် အခုလို သီးသန့် ခွဲထွက်လိုက်တာ" လို ဒီဗွီဘီကိုပြောပါတယ်။ မြန်မာနိုင်ငံမှာ သားအိမ်ခေါင်းကင်ဆာရောဂါ မရှိသလောက် ရှားပါးသွားအောင် ရည်ရွယ်ပြီး အခုလို ဖွင့်လှစ်တာလို့ ပြောပါတယ်။ “ရောဂါစဖြစ်တဲ လူတွေကို ရှာဖွေတာမဟုတ်ဘဲ နောင် ၁ဝ နှစ်၊ ၁၅ နှစ်လောက်မှာ ရောဂါဖြစ်ပွားနိုင်တဲ့ အမျိုးသမီးတွေ ကြိုအဆင့်ကို ရှာဖွေတာပါ။ ဆိုလိုတာက ဒီအမျိုးသမီးတွေမှာ ရောဂါလက္ခဏာမရှိဘူး၊ မရှိသေးတဲ့ အိမ်ထောင်သည် အမျိုးသမီး ကလေးမွေးထားတဲ့ အသက် ၂၅ နှစ်ကနေ ၆၅ နှစ်အတွင်း အမျိုးသမီးတွေထဲက စစ်ချင်တဲ့သူမှန်သမျှ စစ်ပေးပါတယ်။ စစ်လိုက်ခြင်းအားဖြင့် သားအိမ်ခေါင်းမှာရှိတဲ့ ပုံမှန်မဟုတ်တဲ့ ဧရိယာလေးတွေ တွေ့ရတဲ့ အခါစောစီးစွာ ကာကွယ်ကုသလို့ရတယ်။ ကုသနည်းကတော့ အအေးဓာတ်နဲ့ကုသနည်း၊ လျှစ်စစ်ဓာတ်နဲ့ ခွဲခန်းထဲမှာ ဖြတ်ထုတ်တဲ့နည်း တွေဖြစ်ပါတယ်။ စောစီးစွာ သိရပြီး သားအိမ်ကို ဖြတ်ထုတ်လိုက်တော့ နောင် ၁ဝ နှစ်လောက်ကြာတဲ့အခါ အဲဒီရောဂါ မဖြစ်ပွားတော့ဘူးပေါ့။” သား/သမီးလိုချင်တဲ့ စုံတွဲတွေအတွက် စစ်ဆေးမှုတွေ ပြုလုပ်ပေးတယ်လို့ ဒေါက်တာ ခင်မေသင်းက ပြောပါတယ်။ “ကလေးရအောင်ပြုလုပ်ပေးတဲ့ စင်တာကြီးတော့ မဟုတ်ဘူး။ အခြေခံကျကျပ်လုပ်ဆောင်ပေးတဲ့အနေနဲ့ အမျိုးသားရဲ့ သုတ်ပိုးတွေကို ဓာတ်ခွဲခန်းမှာစစ်မယ်၊ အမျိုးသမီးကို အယ်ထရာဆောင်း ရိုက်မယ်၊ ရာဇဝင်လေးတွေကိုမေးမယ်၊ ရေအိပ်တွေဘာတွေရှိသလား၊ အလုံးတွေရှိသလား တခုခု လက္ခဏာတွေ့လိုရှိရင် တိုင်းဆေးရုံကြီးမှာရော သင်ကြားရေးဆေးရုံးကြီမှာပါ မှန်ပြောင်းနဲ့ ခွဲစိတ်ကုသပေးဖို့ စီစဉ်ထားတယ်” လို့ ပြောပါတယ်။ အပတ်စဉ် ဗုဒ္ဓဟူးနေ မွန်းလွဲ ၁ နာရီနဲ့ ၂ နာရီ အချိန်တို့မှာ အခမဲ့စမ်းသပ်ကုသပေးနေပြီး တပတ်ကို ၂ ရက်ဖွင့်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ မကွေးတိုင်းဒေသကြီးပြည့်သူ့ဆေးရုံမှ သိရပါတယ်။ သတင်း-မင်းထီး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013