Home
မြန်မာသတင်း
ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုဒဏ်ခံနေရသည့် မိသားစုများကို ကူညီထောက်ပံ့
DVB
·
July 6, 2018
home ayar
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်ရှိ ရေပေါ်သောင် ကျေးရွာအုပ်စု၊ မဲသောင်ရွာနဲ့ မအူခုံကျေးရွာတွေမှာ ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုလို့ အရေးပေါ် ပြောင်းရွှေရတဲ့ မိသားစုတွေကို ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းကယ်ဆယ်ရေး ဦးစီးဌာနက ဇူလိုင် ၆ ရက်က လာရောက်ထောက်ပံ့ပေး ခဲ့ပါတယ်။ ကမ်းပါးပြိုတဲ့ အန္တရာယ်ကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရတဲ့ အိမ်ထောင်စု ၁၃ စု၊ လူဦးရေ  ၅၃ ဦးအတွက် အိမ်ဆောက်ပစ္စည်းကျပ် ၁၃ သိန်းဖိုး၊ ဆန်ရိက္ခာ ၇ ရက်စာဖိုးနဲ့ စုစုပေါင်းထောက်ပံငွေ ကျပ် ၁၄ သိန်းကျော်ကို ထောက်ပံပေးခဲ့တယ်လို့  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးဝင်းရွှေက ပြောပါတယ်။ ခုရက်ပိုင်းအတွင်း ဧရာဝတီမြစ်ရေတက်လာလို့ ဇွန်လ  ၂၉ ရက်နေ့လောက်က စပြီး ဒေသခံတွေ ဘေးလွတ်ရာကို အရေးပေါ်ပြောင်းရွှေ့ခဲ့ရတာဖြစ်ပြီး ရွာလုံးကျွတ်ပြောင်းရတဲ့ ကျေးရွာတွေမှာ မိသားစုတွေ နေစရာအခက်အခဲနဲ့ ကြုံတွေ့နေကြရတာပါ။ ရေပေါ်သောင်ကျေးရွာအုပ်စု ဦးသက်ခိုင်က “မိသားစုတွေကိုတော့ ကမ်းနဲ့ဝေးတဲ့ ကိုင်းတောအစပ်တွေမှာ နေရာချထားပေးထားရတယ်။ ကျနော်တို့ ကျေးရွာတွေက နှစ်စဉ်ကမ်းပါးပြိုတဲ့ အန္တရာယ်နဲ့ ကြုံတွေရလို့ ရွာလုံးကျွတ်ပြောင်းရတဲ့ ကျေးရွာတွေလည်း ရှိတယ်။ ပြောင်းရွှေ့မိသားစုတွေလည်း နေစရာအခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။ ကျနော်တို့ကို အုပ်ချူပ်ရေးပိုင်းက ကမ်းပါးပြိုတဲ့ ကျေးရွာတွေကိုစောင့်ကြည့် အကူအညီပေးနေတယ်။ သက်ဆိုင်ရာဌာနတွေကိုလည်း တင်ပြထားပါတယ်” လို့ ဆိုပါတယ်။ တိုက်ကြီးမြို့နယ် အဖျောက်မြို့မှာ ၂ဝ၁၅ ခုနှစ်ကစပြီး ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုလို့ အေးရွာကျေးရွာ၊ ပန်းတုံးပိတ်ကျေးရွာ၊ ရေပေါ်သောင် ကျေးရွာ၊ ကြွေပုဂံချောင်းကျေးရွာတွေက ကကမိသားစုဝင်တွေ အရေးပေါ်ရွှေ့ ပြောင်းခဲ့ရပါတယ်။ ၂ဝ၁၇ ခုနှစ်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကမ်းပြိုမိသားစုဝင်တွေအတွက် နေရာပြန်လည်ချထားပေးဖို့ စီစဉ်ခဲ့ဖူးပါတယ်။ သတင်း-မေသွယ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013