ငွေစက္ကူအတု ထုတ်လုပ်ဖြန့်ဖြူးနေသူများကို ပုသိမ်တွင် ဖမ်းမိ
DVB
·
June 23, 2018
၁ သောင်းတန် နဲ့ ၅ ထောင်တန် ငွေစက္ကူအတုတွေကို ပရင်တာနဲ့ထုတ်ပြီး ဖြန့်ဖြူးအသုံးပြုနေသူ ၄ ဦးကို ဇွန် ၂၂ ရက်နေ့ မနေ့ညက ပုသိမ်မြို့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။
ငွေစက္ကူအတုတွေ ထုတ်လုပ်ရောင်းချတယ်ဆိုတဲ့ သတင်းရရှိတာကြောင့် ငွေစက္ကူအတုတွေ ထွက်မလာစေဖို့ ရဲတပ်ဖွဲ့ရဲ့ သတင်းပေးနဲ့ ငွေစက္ကူအတုတွေကို အစစ်နဲ့ လဲလှယ်မယ်ဆိုပြီး စည်းရုံးဆွဲဆောင်ခဲ့တယ်လို့ ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်စိုးက ပြောပါတယ်။
ဒီနောက် ပုသိမ် အမှတ် ၈ ရပ်ကွက် BT စားသောက်ဆိုင်မှာ ငွေလဲဖို့ ရောက်ရှိလာတဲ့ ညီညီအောင် နဲ့ အောင်နိုင်ဝင်းတို့ကို ရဲတပ်ဖွဲ့က စစ်ဆေးတဲ့အခါမှာ အောင်နိုင်ဝင်းရဲ့ ခါးကြားထဲက ငွေကျပ် ၆ သိန်းကျော်ဖြစ်တဲ့ ၁ သောင်းတန် ၁၂ ရွက်နဲ့ ၅ ထောင်တန် ငွေစက္ကူအတု ၉၉ ရွက်ကို သိမ်းဆည်းပြီး ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူနှစ်ဦးကို စစ်ဆေးချက်အရ ငွေစက္ကူအတုတွေကို ပုသိမ်မြို့ အမှတ် ၁ ရပ်ကွက်မှာနေတဲ့ သန့်ဇော်ကိုဆီက ရရှိတယ်ဆိုတာကြောင့် နေအိမ်အတွင်း ဝင်ရောက်ရှာဖွေရာ ဇနီးဖြစ်သူ နန့်စမ်းစမ်းဖောင်နဲ့ လက်ရှိငွေစက္ကူအတုတွေ ထုတ်လုပ်နေတဲ့ Laptop၊ Printer၊ ပေတံ၊ ဓား၊ စက္ကူတွေနဲ့ ၁ သောင်းတန်အတု ၃ ရွက် နဲ့ ၅ ထောင်တန်အတု ၂၈ ရွက်တို့ကို ဆက်လက်ဖမ်းဆီးရမိခဲ့တယ်လို့ ရဲမှူး ခင်မောင်စိုးက ပြောပါတယ်။
အခုလို ငွေတုထုတ်လုပ်ဖြန့်ဖြူးတာနဲ့ ပတ်သတ်ပြီး ပုသိမ်နယ်မြေရဲစခန်းက မြန်မာနိင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ ၁ဝ၅/၁ဝ၆ နဲ့ ညီညီအောင်၊ အောင်နိုင်ဝင်း၊ သန့်ဇော်ကို၊ နန့်စန်းစန်းဖောင်တို့ကို အမူဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။