မြင်းခြံ ကညွတ်စိုက်တောင်သူများ ဝင်ငွေကောင်းရရှိနေ
DVB
·
June 8, 2018
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်မှာ ကညွတ်စိုက်ပျိုးတဲ့ တောင်သူတွေ ဝင်ငွေကောင်းရရှိနေပြီး အစိုးရက ပြည်ပပို့ကုန်အဖြစ် ဖော်ဆောင်ပေးနိုင်မယ်ဆိုရင် တောင်သူတွေ ပိုမိုအကျိုးဖြစ်ထွန်းမယ်လို့ ရွှေဖြူ ကညွတ်အရောင်းဆိုင်က ပြောပါတယ်။
ရွှေဖြူ ကညွတ်အရောင်းဆိုင်မှ ဦးကျော်စိန်ထူးက “ကညွတ်ဟာ စိုက်ပျိုးသင့်တဲ့ လုပ်ငန်းတခုပါ။ ကျနော်က စိုက်ပျိုးမယ့်သူတွေကို နည်းပညာနဲ့ ပျိုးပင်ကို ဆက်သွယ်ပြီး ကူညီပေးပါတယ်။ တောင်သူတွေကလည်း စိုက်ပျိုးပေမယ့် ဈေးကွက်မရှာတတ်ကြဘူး၊ အဲ့အတွက်လည်း တာဝန်ယူ လုပ်ဆောင်ပေးတာပါ။ ကညွတ်က တခါစိုက်ပြီးရင် အမြဲရရှိနေတဲ့ အပင်မျိုးဖြစ်ပြီး ကညွတ်နဲ့အတူ နှစ်ရှည်ပင်တွေလည်း စိုက်ပျိုးလို့ ရပါသေးတယ်။ ပြီးတော့ အပင်အတွက် ဆေးတွေ သုံးစရာမလိုဘဲ သဘာဝမြေသြဇာဖြစ်တဲ့ နွားချေးတမျိုးတည်းကိုသာ အသုံးပြုရတော့ စားသုံးသူတွေအတွက်လည်း အန္တရာယ်ကင်းပါတယ်။ အစိုးရအနေနဲ့ ပြည်ပပို့ကုန်အဖြစ် ဖော်ဆောင်ပေးခဲ့ရင်တော့ တောင်သူတွေအတွက် ပိုပြီး အကျိုးဖြစ်ထွန်းလာမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ခုဆိုရင် ကညွတ်ကို နေရာဒေသ အနှံ့အပြားမှာ စိုက်ပျိုးနေကြပြီး မြင်းခြံမြို့နယ်မှာတော့ ကညွတ်စိုက်ပျိုးသူ ဦးရေ ၁၀၀ ကျော်လောက် ရှိတယ်လို့ သိရပါတယ်။ ထွက်ရှိလာတဲ့ ကညွတ်ကို အမျိုးအစား ၄ မျိုးခွဲထားကာ ရန်ကုန်နဲ့ တခြားမြို့ကြီးတွေကို တင်ပို့ရောင်းချနေတယ်လို့ ဆိုပါတယ်။
“ကညွတ် ၁ ပင်ကို ၅၀ ကျပ်ဝယ်ရတယ်။ အခု အပင် ၅၀၀၀ လောက် စိုက်ပျိုးထားတယ်။ မြေသြဇာလည်း သုံးစရာမလိုဘူး။ နေ့စဉ် ပုံမှန် ၁၅၀၀၀ ကျပ်လောက် ဝင်ငွေရှိတာဆိုတော့ မိသားစုစားဝတ်နေရေး အဆင်ပြေတယ်" လို့ ကညွတ်စိုက်ပျိုးထားသူ ညောင်ကန်ကျေးရွာမှ ဦးကျော်က ပြောပါတယ်။
လက်ရှိမှာတော့ မြင်းခြံမြို့ပေါ်မှာ ကညွတ်ပိဿာချိန် ၅၀၀ ဝန်းကျင်လောက် နေ့စဉ် ဝင်ရောက်နေပြီး ကညွတ် ၁ ပိဿာကို ၁၈၀၀ ကျပ်မှ ၄၀၀၀ ကျပ်အထိ ရောင်းချရတယ်လို့ ပြောပါတယ်။ ကညွတ်ထွက်နှုန်း ရှားပါးတဲ့အချိန်မှာဆို ၁ ပိဿာကို ၂၅၀၀ ကျပ်မှ ၆၀၀၀ ကျပ်အထိ ရောင်းချရတယ်လို့ သိရပါတယ်။
သတင်း ရီရီထွန်း ( မြင်းခြံ )