မအီမြို့တွင် သုံးလောင်းပြိုင် လူသတ်မှုဖြစ်
DVB
·
June 4, 2018
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့မှာ ဇွန်လ ၄ ရက် မနက် အရုဏ်မတက်မီ အချိန်က သုံးလောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့ပါတယ်။
မအီမြို့ ၂ ရပ်ကွက် ကမ်းနားလမ်းမှာနေထိုင်တဲ့ ဦးရွှေအေးမောင်နေအိမ်ကို မနက် ၂ နာရီလောက်မှာ ဖိုးမြိုင်(ခ) ခင်မောင်လင်းဟာ ဓားရှည်တချောင်းကိုင်ဆောင် ရောက်ရှိလာပြီး လွန်ခဲ့တဲ့ ၂ လလောက်က ကွဲနေတဲ့ဇနီး မဝင်းဝင်းမော်ကို ပြန်လိုက်လာဖို့ ခေါ်ဆောင်ရာမှာ ဆက်မပေါင်းနိုင်တဲ့အတွက် မလိုက်ဘူးလို့ ငြင်းဆန်ခဲ့ကြောင်း၊ မ၀င်းဝင်းမော်ရဲ့ ဖခင် ဦးရွှေအေးမောင်နဲ့ မိခင်ဒေါ်မခင်သန်းတို့ကလည်း အခုလို လုပ်ဖို့ မသင့်ကြောင်း တားမြစ်တာကို ဖိုးမြိုင်က အသင့်ပါလာတဲ့ဓားနဲ့ ခုတ်တဲ့အတွက် ၂ ယောက်စလုံး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ ရဲအရာရှိတဦးက ပြောပါတယ်။
"သူက ယောက္ခမတွေကို ခုတ်ပြီး မိန်းမကို ဆွဲခေါ်သွားတယ်။ နောက် အဲ့ဒီကောင်မလေး ကို ဂုတ်ပီချောင်းနားမှာ သတ်ထားခဲ့တယ်။ အခု တရားခံကိုမိဖို့ ပိုက်စိတ်တိုက် ရှာနေပါတယ်။"
မဝင်းဝင်းမော်ရဲ့ အလောင်းကိုတော့ မအီမြို့ရဲ့ အနောက်ဘက် ၁ မိုင်ခန့် အကွာက ဂုတ်ပီချောင်းကမ်းနားမှာ တွေ့ရတယ်လို့ ဆိုပါတယ်။
သတ်ဖြတ်သူ ခင်မောင်လင်း(ခ) ဖိုးမြိုင်ကို ညနေပိုင်းအထိ အဖွဲ့ခွဲ လိုက်လံရှာဖွေနေပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ မအီရဲစခန်းက သိရပါတယ်။
ဓာတ်ပုံ - ကိုမောင်လုံး