ပုသိမ်မြို့ လူစည်ကားရာ နေရာများတွင် အစိုးရရန်ပုံငွေဖြင့် စီစီတီဗွီ ၇၆ လုံး တပ်ဆင်
DVB
·
May 17, 2018
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရဲ့ လူစည်ကားရာ နေရာတွေမှာ မှုခင်းတွေ ကြိုတင်ကာကွယ်နိုင်ရေးနဲ့ အများပြည်သူ လုံခြုံရေးအတွက် အစိုးရအဖွဲ့ ရန်ပုံငွေနဲ့ လုံခြုံရေး စီစီတီဗွီကင်မရာ ၇၆ လုံးကို မေလကုန်မှာ အပြီးတပ်ဆင်မယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေ သိရပါတယ်။
ပုသိမ်မြို့ရဲ့ အဓိကကျတဲ့ အရေးကြီး အဆောက်အဦတွေ၊ အိမ်ရာတွေ၊ တံတားတွေ၊ မီးပွိုင့်တွေ၊ လမ်းဆုံတွေမှာ တပ်ဆင်သွားမှာ ဖြစ်ပြီး ၂၀၁၇-၁၈ ဘတ်ဂျတ်က ရန်ပုံငွေ ကျပ်သိန်း ၃၀၀ ကျော် အကုန်အကျခံကာ တပ်ဆင်နေတာဖြစ်တယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီးခင်မောင်လတ်က ပြောပါတယ်။
“ယာဉ်တိုက်မှုတွေ ဖြစ်ပွားပြီး ထွက်ပြေးတာတွေ ညအချိန်ပဲဖြစ်ဖြစ် မှတ်တမ်းတင်နိုင်မယ်။ ညပိုင်းတွေမှာဖြစ်တဲ့ အမှုတွေမှာ မှတ်တမ်းတွေလည်း ရရှိနိင်မှာ ဖြစ်ပါတယ်။ တခြားမြို့နယ်တွေက ပြစ်မှုကျူးလွန်လာပြီး ပုသိမ်ကို ဝင်လာရင်လည်း မှတ်တမ်းတင် အရေးယူနိုင်မှာ ဖြစ်တယ်။ မှုခင်းတွေနဲ့ အများပြည်သူ လုံခြုံရေးအတွက် အများကြီး အထောက်အကူပြုတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။”
လုံခြုံရေးကင်မရာ စီစီတီဗွီတွေနဲ့ စောင့်ကြည့်တာကိုတော့ တိုင်းရဲတပ်ဖွဲ့မှူးရုံးမှာ စင်တာထားရှိမှာဖြစ်ပြီး ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ ဖုန်းထဲမှာလည်း ကြည့်ရှုနိုင်အောင် စီစဉ်ပေးထားမှာ ဖြစ်သလို မှုခင်းတွေ ဖြစ်ပွားပါက အချိန်နဲ့တပြေးညီ သိရှိနိုင်အောင် စီစဉ်ထားမယ်လို့ သိရပါတယ်။
သတင်း - မြမင်းဦး(ပုသိမ်)