ပိတ်မိစစ်ဘေးရှောင်များကို ကချင်ပြည်နယ် ဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက်ကယ်ထုတ်မည်
DVB
·
May 4, 2018
ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ဖားကန့်မြို့နယ် မံဝေကျေးရွာမှာ ပိတ်မိနေတဲ့ ပြည်သူ ၁၆၀ ကျော်ကို သွားရောက်ကယ်ထုတ်ဖို့ ပြည်နယ်အစိုးရက ခွင့်ပြုလိုက်ပြီဖြစ်ပြီး ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ကိုယ်တိုင် လိုက်ပါသွားမယ်လို့ သိရပါတယ်။
မြစ်ကြီးနားမြို့နယ်ကနေ ဒီကနေ့ နေ့လယ်ပိုင်း ထွက်ခွာကြမှာဖြစ်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့အတူ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၊ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့နဲ့ လူငယ်သပိတ်စခန်းကော်မတီမှ တာဝန်ခံအချို့ လိုက်ပါသွားမယ်လို့ သပိတ်စခန်း တာဝန်ခံ ဒေါ်ဆွတ်ဆိုင်းထွယ်က ပြောပါတယ်။
“ကျမတို့ကတော့ ဟိုမှာ ပိတ်မိနေတဲ့ ပြည်သူအကုန်လုံးကို ကယ်ထုတ်ပေးပါ့မလား ဆိုတာကိုတော့ စိုးရိမ်မိတယ်။ ဟန်ပြပဲလုပ်လိုက်မှာကိုပေါ့” လို့ သူကပြောပါတယ်။
လက်ရှိမှာ ကချင်လူငယ်ထုသပိတ်စခန်းကို ပြည်နယ်အစိုးရရုံးဘေးကနေ မနောကွင်းကို မနက်ပိုင်းက ပြန်ရွှေ့ပေးလိုက်ပြီဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေအပေါ် မူတည်ပြီးမှသာ သပိတ်စခန်းကိစ္စ ဆက်လက်ဆွေးနွေးသွားမယ်လို့လည်း သိရပါတယ်။
သတင်း - ရဲမွန်